Homeမြန်မာသတင်း
တရုတ်က ငါးဈေးနှုန်း ထက်ဝက်ကျော်နှိမ်ဝယ်သဖြင့် မွန်ငါးလုပ်ငန်းရှင်များ နာလန်မထူနိုင်ဖြစ်နေ
တရုတ်က ငါးဈေးနှုန်း ထက်ဝက်ကျော်နှိမ်ဝယ်သဖြင့် မွန်ငါးလုပ်ငန်းရှင်များ နာလန်မထူနိုင်ဖြစ်နေ
DVB
·
December 6, 2020
မွန်ပြည်နည်အတွင်း ကိုဗစ်အကျပ်အတည်းကာလမှာ တရုတ်နိုင်ငံက ငါးပြန်လည် ဝယ်ယူလာပေမယ့် အရင်ထက် ငါးစျေးနှုန်း ထက်ဝက်ကျော် နိမ်ပြီးဝယ်ယူနေတဲ့အတွက် ငါးလုပ်ငန်းရှင်တွေ နာလန်မထူနိုင် ဖြစ်နေတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။
မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ရေသယံဇာတပစ္စည်းဖြစ်တဲ့ ငါးတွေကို တရုတ်နိုင်ငံ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ အဲလို တင်ပို့ရောင်းချရာမှာ တရုတ်စျေးကွက် တစ်ခုတည်းကိုပဲ ၉၀ ရာခိုင်နှုန်းလောက် မှီခိုနေရပါတယ်။ တရုတ်နိုင်ငံဟာ မွန်ပြည်နယ်က ထွက်ရှိတဲ့ ငါးတွေကို ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဝယ်ယူမှု ရပ်ဆိုင်းထားတာပါ။
ဒါပေမယ့် အခုအခါ တရုတ်နိုင်ငံက ငါး ပြန်လည်ဝယ်ယူလာပေမယ့် အရင်ထက် ငါးစျေးနှုန်း ထက်ဝက်ကျော်နိမ့်ချပြီး ဝယ်ယူနေတဲ့အတွက်ကြောင့် ငါးလုပ်ငန်းရှင်တွေ နာလန်မထူနိုင် ဖြစ်နေတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ မွန်ပြည်နယ်က ငါးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ပြန်လည် ဝယ်ယူလာပြီး ငါးစျေးနိမ့်ချ ဝယ်ယူတာကြောင့် အစိုးရအနေနဲ့ တရုတ်စျေးကွက်အပြင် ဒုတိယနိုင်ငံ တစ်ခုခုမှာ စျေးကွက်ရအောင် ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။
တရုတ်နိုင်ငံက ငါးပြန်လည်ဝယ်ယူလာပေမယ့် အရင်ကာလတွေနဲ့ နှိုင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်းလောက်သာ ဝယ်ယူနေတာပါ။ အခုလို အခြေအနေတွေကြောင့် နောက် နှစ်လအတွင်းမှာ ငါးလုပ်ငန်းများစွာ ရပ်ဆိုင်းလာနိုင်တယ်လို့ မော်လမြိုင်ဟိုဒင်းလိမိတက် ငါးပုဇွန်အအေးခဲစက်ရုံ ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောပါတယ်။
တရုတ်နိုင်ငံဟာ မွန်ပြည်နယ်ကနေ နှစ်စဉ် ငါးတန် ၁၀၀၀ နဲ့ချီ ဝယ်ယူနေတာပါ။ အဲလို ဝယ်ယူရာမှာ ငါးပုတ်သင်၊ ငါးသလောက် စတဲ့ ငါးတွေကို အဓိကထား ဝယ်ယူနေပါတယ်။
ဒါပေမယ့် အခုနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်ယူမှုဟာ သိသိသာသာ ကျဆင်းလာတဲ့အပြင် တဖက်မှာတော့ ငါးလုပ်ငန်းရှင်တွေ စျေးနှုန်း နိမ်ခံနေရပါတယ်။
ဇော်လွင်ထွဋ်