ဦးကျော်မြင့်ကို ထောင်ပြောင်းခဲ့မှု ထပ်မံတရားစွဲဆိုရန် ဖြစ်နိုင်ဟု ရှေ့နေပြော
DVB
·
December 6, 2020
ဖျက်သိမ်းခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ကို ထောင်ပြောင်းတာဟာ ရန်ကုန်မှာ နောက်ထပ်တရားစွဲဖို့အတွက် ဖြစ်နိုင်တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
ဦးကျော်မြင့်ဟာ အရင်ထောင်ဒဏ်အပါအဝင် ထောင်ပြေးမှုတို့နဲ့ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတာဖြစ်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။
ဦးကျော်မြင့်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ထောင်ပြေးမှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံဖို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီးက အမိန့်ချခဲ့ပါတယ်။
အခုလို ထောင်ပြောင်းတာဟာ ရန်ကုန်မှာ ထပ်ပြီး တရားစွဲဆိုဖို့ဖြစ်ပြီး လဝက အမှု၊ ငွေကြေးခဝါချမှုတွေနဲ့ စွဲလာနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းထွန်းက ပြောပါတယ်။
ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်က အကျဉ်းထောင်ပြင်ပမှာ ဆေးကုသနေစဉ် တခြားနိုင်ငံကို ခွင့်ပြုချက်မပါဘဲ ထွက်ပြေးသွားပြီး ခွင့်ပြုချက်မရှိဘဲ ပြန်လာတာကြောင့် လဝက အက်ဥပပေပုဒ်မ ၁၃ (၁) နဲ့ ထပ်မံတရားစွဲဆိုခံခဲ့ရပါတယ်။
ဒါပေမဲ့ ဒီလဝက အမှုဟာ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်တဲ့အချိန်မှာ ပြစ်မှုကျူးလွန်တာဖြစ်တဲ့အတွက် ပြစ်မှုကျူးလွန်တဲ့နေရာဖြစ်တဲ့ မူဆယ် ဒါမှမဟုတ် ဖမ်းမိတဲ့ လှိုင်သာယာမှာပဲ တရားစွဲဆိုရမှာဖြစ်တာကြောင့် ဥပဒေအရာရှိက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းခဲ့ပါတယ်။