ရွှေကူမြို့နယ် ဒေသခံ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၊ ထိစပ်သူ ၂၀၀ ခန့်ရှိနိုင်
DVB
·
December 5, 2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ ဒေသခံတဦးမှာ ပထမဆုံး ကိုဗစ် ၁၉ ပိုးတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။
ပထမအကြိမ် Test Kit နဲ့စစ်ဆေးရာမှာ ပိုးမတွေ့ရှိရဘဲ ဓာတ်ခွဲနမူနာ မန္တလေးဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လူနာအမျိုးသမီးဟာ နေအိမ်ကွာရန်တင်း ဝင်နေရာကနေ ရွှေကူမြို့နယ် ပန်းတင်ကျေးရွာက မင်္ဂလာဆောင်တစ်ခုကို သွားရောက်ခဲ့ပြီး ထိတွေ့ခဲ့သူအများအပြားရှိခဲ့တာကြောင့် ကွာရန်တင်းဝင်ရသူ အနည်းဆုံး ၂၀၀ နီးပါးရှိနိုင်တယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်ေ။
ရွှေကူပူးပေါင်းစစ်ဆေးရေးဂိတ်က စစ်ဆေးတွေ့ရှိတဲ့ ပိုးတွေ့လူနာ ၂၆ ဦးအထိ ရှိခဲ့ပြီး ပိုးတွေ့လူနာအားလုံးနီးပါးက အခြားဒေသကလာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေဖြစ်ကာ အခုပိုးတွေ့လူနာအမျိုးသမီးဟာ ရွှေကူမြို့ခံထဲက ပထမဆုံး ပိုးတွေ့လူနာဖြစ်တယ်လို့ သိရပါတယ်။
ကျော်ဇေယျ(ရွှေကူ)