Home
ဆောင်းပါး
ပွင့်ကျသွားတဲ့အရှေ့တံခါးကြီးနဲ့ မူးယစ် လက်နက်မှောင်ခို (ဆောင်းပါး) 
DVB
·
December 4, 2020
Tarchi5
thai 2
Tarch1
၂၀၁၇ ခုနှစ် ပထမ ၄ လပတ် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးအပြီးမှာ ထိုင်းအစိုးရက နာမည်ပျက်စာရင်းသွင်း Black List ထုတ်ထားတဲ့ ထိုင်းနိုင်ငံသား ၂၇ ယောက်ရဲ့စာရင်းကို ဓာတ်ပုံမှတ်တမ်းတွေ၊ ပြစ်မှုကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေပါဝင်တဲ့ စာအုပ်အတွဲ  ၂ အုပ်လုပ်ပြီး  မြန်မာနိုင်ငံဘက် တာချီလိတ်မြို့က တာဝန်ရှိသူတွေဆီကို ပေးပို့ပေးခဲ့ပါတယ်။ အဆိုပါလူစာရင်းမှာပါတဲ့သူတွေကို ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးဖို့လည်း ထိုင်းအာဏာပိုင်တွေဘက်က မြန်မာကို အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့ဒီထဲမှာပါဝင်တဲ့သူတွေဟာ အများအားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်တိုက်နယ်ဘက်က လူတွေပါဝင်သလို ဘန်ကောက်မြို့တော်နဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကလူတွေလည်း ပါဝင်ကြပါတယ်။ ဒီလူတွေ ထိုင်းမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအများစုကတော့ မူးယစ်ဆေးဝါးကုန်ကူးသူတွေနဲ့ လက်နက်မှောင်ခိုမှုတွေ ပြုလုပ်ကြသူတွေ ဖြစ်ကြပါတယ်။ ဒီလူတွေရဲ့ စာရင်းကို ကြည့်ရှုခွင့်ရဖို့ မြန်မာသတင်းထောက်တွေက တောင်းဆိုခဲ့ရာမှာ မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေက မှတ်တမ်းတင်ခွင့်မပေးဘဲ ကြည့်ရှုခွင့်သာပေးခဲ့ ပါတယ်။ အဲ့ဒီလူတွေကို ဖမ်းဆီးပြီး ထိုင်းအစိုးရကို ပြန်လည်လွှဲပြောင်းပေးတာတော့ ဒီနေ့အချိန်အထိ ပြုလုပ်ပေးနိုင်ခဲ့ခြင်းမရှိသေးပါဘူး။   တာချီလိတ်ရောက် တရားမဝင် ခွန်ထိုင်းများ  လက်ရှိ တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံက တရားမဝင်လာရောက်နေထိုင်တဲ့ ထိုင်းနိုင်ငံသား အရေအတွက်က လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကထက် လူဦးရေ သုံးဆကျော်ပိုမိုများပြားလာပြီး  ထိုင်းနိုင်ငံ ပြည်တွင်းဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ Black List လူဆိုးစာရင်းဝင်တွေလည်း ပိုမိုများပြားလာနေတယ်လို့  စုံစမ်းချက်တွေအရ သိရပါတယ်။ ဒီလူတွေဟာ လက်ရှိမှာ တာချီလိတ်မြို့ပေါ်မှာ အဓိက အလုပ်အကိုင်အနေနဲ့ မူးယစ်ကုန်သွယ်တာနဲ့ လက်နက်မှောင်ခိုမှုတွေပြုလုပ်ပြီး နေထိုင်ကြတာပါ။ သူတို့ကို ဒီလိုနေထိုင်နိုင်ခွင့်ပြုဖို့အတွက် မြန်မာနိုင်ငံအတွင်းက ဥပဒေတွေကလည်း အခွင့်အလမ်းတွေ ပေးထားတယ်လို့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ပြောပါတယ်။ အမည်မဖော်လိုတဲ့ တာချီလိတ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက "အရင်တုန်းက ဒီလို မသင်္ကာတဲ့လူတွေကို အချိန်မရွေးဝင်ရောက်စစ်ဆေးနိုင်ဖို့ ဧည့်စာရင်းစစ်လို့ရတယ်။ အခုက ဧည့်စာရင်းစစ်လို့မရတော့ သူတို့ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်တာမရှိရင် ဝင်ဖမ်းလို့မရဘူး။ လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်တော့လည်း သူတို့ကို ပြန်ပြီးသတင်းပေးနေတဲ့သူတွေရှိတော့ ဖမ်းလို့မမိဘူး။ "လို့ ပြောပါတယ်။ တာချီလိတ်ထဲမှာ တရားမဝင်နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသား မူးယစ်နဲ့ လက်နက်ကုန်သည်တွေဟာ Night Club နဲ့ စားသောက်ဆိုင်တွေမှာ အခြေချလေ့ရှိပြီး သူတို့ရရှိတဲ့ငွေကြေးတွေကိုလည်း လောင်းကစားဂိမ်းရုံတွေမှာ ပြန်လည်လောင်းကစား မှုပြုလုပ်ကြလေ့ရှိပါတယ်။  အရင်ဝင်ရောက်လာခါစတုန်းက လူဦးရေနည်းခဲ့ပေမယ့် နောက်ပိုင်း မူးယစ်ကုန်သွယ်မှုနဲ့ လက်နက်မှောင်ခိုမှုတွေ အားကောင်းမွန်လာတဲ့အတွက် ထိုင်းနိုင်ငံအတွင်းက လူဆိုးလူမိုက်တွေဟာ တာချီလိတ်မြို့ကို တဖွဲဖွဲရောက်ရှိလာကြတာဖြစ်ပါတယ်။ တာချီလိတ်မှ တရားမဝင်နေထိုင်သူ ထိုင်းနိုင်ငံသား  နာမည်လွှဲ အိုက်ကပ်က “တာချီလိတ်မှာ မူးယစ်နဲ့ လက်နက်ကုန်သွယ်တာ ဘာပစ္စည်းမှ ကိုင်စရာမလိုဘူး၊ အဓိက  မူးယစ်ဆေးဝါး ရောင်းချတဲ့သူဌေးတွေက မြန်မာမှာနေကြတယ်။ သူတို့ပစ္စည်းတွေကိုတော့ ထိုင်းနိုင်ငံမှာ ပို့ထားပြီးပြီ ထိုင်းနိုင်ငံထဲက လိုချင်တဲ့ပစ္စည်းအမျိုးအစားကို နမူနာပြပေးတာနဲ့ အိမ်တိုင်ရာရောက်ပို့ပြီးသွားရင် ကျနော်တို့က ကော်မရှင်ခထုတ်ရုံပဲ။ ကျနော်တို့အနေနဲ့ အဓိက ဝယ်လက်ရှာပေးတယ်။ ဒီလိုပဲ မြန်မာဘက်က လိုချင်တဲ့ သေနတ်ဆိုလည်း ဟိုဘက်က မှာပေးလိုက်တယ်။ အချိန်တန်လို့ရောက်ရင် ငွေထုတ်ရုံပဲ"လို့ ပြောပါတယ်။ ဒီလိုထိုင်းနိုင်ငံသား အများစုဟာ တာချီလိတ်မှာရှိတဲ့ အိမ်ခန်းငှားတဲ့ တိုက်ခန်းတွေမှာ နေထိုင်ကြတဲ့သူတွေရှိသလို တချို့ကတော့  မြန်မာမှတ်ပုံတင်ကို ငွေကြေးပေးပြီး ဝယ်ယူထားကြတဲ့အတွက် အိုးပိုင် အိမ်ပိုင်နဲ့နေထိုင်တြတဲ့သူတွေလည်း ရှိပါတယ်။ တာချီလိတ်ခရိုင်အတွင်း ၂၀၀၇ ခုနှစ်လောက်က မူးယစ်ရာဇာ စိုင်းနော်ခမ်းရှိစဉ်က မူးယစ်ဆေးကွက်ကောင်းမွန်ခဲ့ပြီး မှုခင်းဖြစ်ပွားမှုတွေရှိခဲ့ပေမဲ့  အခုလိုမြို့တွင်းမှာ မှုခင်းဖြစ်ပွားမှု ဆက်တိုက်ဖြစ်ပွားတာနည်းပါးခဲ့ပါတယ်။ အဓိက မြို့နဲ့ဝေးလံတဲ့ကျေးရွာတွေနဲ့ သွားလာရခက်ခဲတဲ့ ရွာတွေမှာသာ လုံခြုံရေးအားနည်းခဲ့တာပါ။ အခုလက်ရှိမှာတော့ မြို့တွင်းလုံခြုံရေးဟာ စိုးရိမ်ကြောက်လန့်နေရတဲ့အနေခြေအနေမှာရှိပြီး ဒေသခံတော်တော်များများဟာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေကို လက်ညှိးထိုးကြပေမယ့် ပွင့်ပွင့်လင်းလင်းဝေဖန်ရဲတဲ့ အခြေအနေမှာမရှိပါဘူး။ အဓိက သေမထူးနေမထူးတွေ ပြန်စရာမရှိတဲ့သူတွေဖြစ်တဲ့အတွက် ပြိုင်ပြီး မမိုက်ချင်ကြဘူးလို့ ပြောကြပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ထိုင်းမူးယစ်ကုန်သည်တစ်ဦးဟာ ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့မှာ ယာဉ်အချင်းချင်းတိုက်မိပြီး လူထိခိုက်ခြင်းမရှိတဲ့ ယာဉ်မတော်တဆဖြစ်ခဲ့ရာမှာ ဘတ်ငွေ ၂ သိန်းနဲ့ ပြစ်မှုပယ်ဖျက်ဖို့ပြောဆိုကြပေမဲ့ တကယ်လက်တွေ့မှာတော့ ဘတ်ငွေ ၂ သန်းနဲ့ အမှုပြီးပြတ်သွားခဲ့ဖူးပါတယ်။  နောက်အမှုတစ်ခုကတော့ အသက် ၂၆ နှစ်အရွယ်သာရှိတဲ့ မူးယစ်ရာဇာတစ်ဦးရဲ့ အိမ်ကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ ပိုင်ရှင်မဲ့ မူးယစ်အနည်းငယ်ဖမ်းဆီးရမိတဲ့အတွက် မူးယစ်ရာဇာကို ဝရမ်းပြေးအဖြစ်ကြေညာခဲ့ပါတယ်။  ဒါပေမဲ့ လအနည်းငယ်မှာပဲ အဲဒီ မူးယစ်ရာဇာ လူငယ်က မြို့ပေါ် ကာစီနိုဝိုင်းတွေ နိုက်ကလပ်တွေမှာ တွေ့ရှိရပြီး ဝရမ်းပြေးကြေညာချက်ကိုလည်း ပြန်ရုပ်သိမ်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  ဒီလိုပဲ ထိုင်းနိုင်ငံသားတစ်ဦး ယာဉ်မတော်တဆမှုမှာ မူးယစ်ဆးဝါးအပြား အနည်းငယ်ပါလာတဲ့အတွက် မူးယစ်မှုနဲ့ဖမ်းဆီးခဲ့ပြီး သိပ်မကြာခင်မှာ အပြင်ထွက်လာနိုင်ခဲ့ပါတယ်။ ဆိုင်ကယ်မှောက်စဉ်မှာ ပါဝင်ခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ လမ်းမပေါ်မှာ တစ်ခြားသူတစ်ဦးပစ်ထားတာဖြစ်ပြီး သူ့အိတ်ထဲက မဟုတ်ဘူးလို့ တရားရုံးက စီရင်ချက်ချခဲ့ပြီး ဆိုင်ကယ်မတော်တဆမှုနဲ့သာ ပြစ်ဒဏ်ချခဲ့တယ်လို့ သိရပါတယ်။ ဆိုင်ကယ်မှောက်စဉ်မှာ ပါဝင်ကူညီခဲ့တဲ့ လူမှုရေးအသင်းအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ ဆိုင်ကယ်မှောက်သူရဲ့ အိတ်အတွင်းက တွေ့ရှိတာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။  မြန်မာမှတ်ပုံတင်ပေါက်ဈေး  ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တရားမဝင် မှတ်ပုံတင်တစ်ခုကို ဘတ်  ငါးသောင်းကနေ ဘတ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိပြီး အများအားဖြင့် ထိုင်းနိုင်ငံသားတွေဟာ ရှမ်းတိုင်းရင်းသားဆိုပြီး ပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒီလိုဘဲ တရုတ်နိုင်ငံသားတွေကလည်း မြန်မာ မှတ်ပုံတင် ပြုလုပ်မှုတွေရှိပါတယ်။ မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ အဆိုအရ" ကျနော် ဓာတ်ပုံ နှစ်ပုံပေးလိုက်ရင် ၁၀ ရက်လောက်ဆိုရတယ်။ မှတ်ပုံတင်ရိုးရိုးဆိုရင် ဈေးနည်းတယ်။ တကယ်လို့ အိမ်ထောင်စုစာရင်းပါလုပ်မယ်၊ ပတ်စ်ပို့ပါမယ်ဆိုရင်တော့ ဈေးပိုကြီးတယ်။ ဒီလိုမှတ်ပုံတင်ရရင် ပြည်သူ့စစ်ဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ဖြစ် ဝင်ထားလို့ရပြီလေ။ ဒါဆိုအေးဆေးဖြစ်ပြီ"လို့ ပြောပါတယ်။  WY ဈေးကွက်နဲ့ ကျိုးပေါက်နေတဲ့ဂိတ်များ ခုနောက်ပိုင်း ၂၀၁၈ ခုနှစ်လောက်မှာတော့ ထိုင်းနိုင်ငံအတွင်းက မူးယစ်ဂိုဏ်းတွေနဲ့ လက်နက်မှောင်ခိုဂိုဏ်းဝင်တွေဟာ မြန်မာနိုင်ငံ နယ်စပ်တလျှောက်ဝင်ရောက်လာပြီး ပြည်တွင်းလက်နက်ကိုင်တွေနဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်နဲ့ လက်နက်မှောင်ခိုမှုတွေကို ပိုမိုပြုလုပ်လာကြပါတယ်။ ရှမ်းပြည်နယ်မှာ  မူးယစ်ဆေးဝါးထုတ်လုပ်မှုအမြင့်မားဆုံးနေရာကတော့ နမ့်ဆန်မြို့နယ်ထဲမှာဖြစ်ပြီး အဲဒီဒေသမှာ ငြိမ်းချမ်းရေးရယူထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ငြိမ်းချမ်းရေးမယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားနေကြတာ ရှိပါတယ်။ လက်နက်ကိုင် မူးယစ်ကုန်သည်တစ်ဦးက  "နမ့်ဆန်ထဲမှာက စိတ်ကြိုက်ထုတ်လို့ရတယ်၊ အဓိကကုန်ကြမ်းတွေကိုတော့ နယ်စပ်တစ်လျှောက်က သယ်ယူပြီး အချောထုတ်တာနဲ့ ပါကင်ထုတ်တာကို တောထဲမှာပဲ လုပ်တယ်။ အဓိကပို့တာ ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ဘက်ကို။ အခုနောက်ပိုင်း မလေးရှားနဲ့ အင်ဒိုနီးရှားဘက်ပိုပြီးပို့ဖြစ်တယ်။ ဈေးအကောင်းဆုံးရတာ ထိုင်ဝမ်ပဲ၊ အဲ့ဒီရောက်သွားရင် ဈေးနှုန်း ဆယ်ဆလောက်တက်သွားပြီ ဆယ်အိတ်ပို့လို့ တစ်အိတ်ရောက်ရင်ကို အရင်းကျေပြီလေ"လို့ ပြောပါတယ်။ မြန်မာနိုင်ငံက မူးယစ်ဆေးဝါးထုတ်လုပ်တဲ့သူတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း(ဖတ်တိုက်)က မူးယစ်ကုန်သွယ်တဲ့သူတွေနဲ့ ချိတ်ဆက်ပြီး မလေး၊ အင်ဒိုဘက်ကိုပို့ဆောင်ကြတာပါ။ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာမှာ  ဝယ်သူစိတ်ကြိုက် ဖေါ်မြူလာတွေကို ဖေါ်စပ်ပေးရတာရှိသလို ပါကင်ကိုလည်း တစ်ဖက်စိတ်ကြိုက်ပြုလုပ်ပေးရတာရှိပါတယ်။ WY ဆေးပြားတွေကို ပါကင်ထုပ်တဲ့ အိပ်အပြာရောင်ဟာလည်း တစ်ကီလိုကို ဘတ် ၂၀၀၀ ကျော်ရှိသလို  အရောင်အရင့် အပျော့၊ အမာဆိုပြီးအမျိုးမျိုးရှိကြပါတယ်။ စိတ်ကြွဆေးပြားတွေကို R20၊ WY မှာ Yအမြီးတို၊ အမြီးရှည် Wyအဝိုင်း အသေး၊ ဝမ်ရီ၊ ဆိုပြီး တံဆိပ်အမျိုးမျိုးရှိသလို အရောင်အပေါ်မှာလည်း အမျိုးမျိုးရှိကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းချိတ်ဆက်ထားတဲ့ အာရှလမ်းမ အမှတ်(၄)တစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ လိုင်စင်မဲ့ကားတွေ အကန့်အသတ်မရှိ သွားရောက်ခွင့်ပြုထားတာဟာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကျိုးပေါက်နေတဲ့ အနေအထားပါ။ လူစစ်ဆေးရေးဂိတ်ဟာ သံလွင်မြစ်ကို ဖြတ်ကူးထားတဲ့ "တာကော်"ဂိတ်တစ်ခုသာရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်က ကိုင်တွယ်တဲ့ ဌာနပေါင်းစုံ ပူးပေါင်းဂိတ်တစ်ဂိတ်သာ ရှိပါတယ်။ ဒီပူးပေါင်းဂိတ်ဟာလည်း တစ်ဂိတ်ကို ကျပ်ငွေ ၁၀,၀၀၀ နဲ့  ဂိတ် ၈ ဂိတ်လောက်ကိုပေးရင် စိတ်ကြိုက်ဖြတ်သန်းခွင့်ပြုထားတဲ့အနေအထားပါ။ အဓိက လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဝန်ထမ်းမိသားစုဆိုရင်တော့ စစ်ဆေးခြင်းတောင်မပြုဘဲ ဖြတ်သန်းခွင့်ပေးထားကြတာပါ။  သံလွင်မြစ်အရှေ့ခြမ်းက စစ်ဆေးရေးဂိတ်တွေဆိုရင်လည်း စစ်ဆေးမှုအနည်းငယ်သာရှိပြီး ဂိတ်တွေကိုငွေကြေးပေးရင်  စိတ်ကြိုက်ဖြတ်သန်းခွင့်ပြုထားပါတယ်။ ရှမ်းပြည်နယ်အရှေ့ခြမ်းမှာ ဒီ ဂိတ်ဟာ အဂတိလိုက်စားမှုအများဆုံးဖြစ်ပြီး ငွေကြေးပေးရင်  စစ်ဆေးမှုမရှိတဲ့အတွက် လိုင်စင်မဲ့ကား၊ မူးယစ်ဆေးဝါး လက်နက်မှောင်ခို စိတ်ကြိုက်ဖြတ်သန်းခွင့်ရှိတဲ့နေရာဖြစ်နေပါတယ်။ ၂၀၂၀ ပြည့်နှစ် အတွင်းမှာတော့ ထိုင်းမူးယစ်ရာဇာတွေ မြန်မာနိုင်ငံအတွင်း အထိနာပြီး တိမ်းရှောင်ပုန်းကွယ်နေရတဲ့အခြေအနေမှာရှိနေပေမဲ့ ရေခဲလို့ လူသိများတဲ့ ICE မူးယစ်ဆေး ထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံသား ကျွမ်းကျင်ပညာရှင်တွေ ပါဝင်လာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းအပါအဝင် မြောက်ပိုင်းမှာလဲ ထုတ်လုပ်လာပြီး ကုန်သွယ်မှုတွေကို ဆက်တိုက်တွေ့ရှိလာရပါတယ်။  ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းနဲ့နှစ်ကုန်ပိုင်းတွေမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအတွင်း မူးယစ်စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်ပြီး ဖမ်းဆီးရမိမှုတွေရှိနေပေမဲ့ ထိုင်းနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးဈေးနှုန်းတွေဟာ အရင်ကထက် ၅၀ ရာခိုင်နှန်းအထိ ကျဆင်းနေတာပါ။ တာချီလိတ်မြို့နယ်မှာ စိတ်ကြွဆေးပြား လက်လီရောင်းနှုန်း တစ်ပြားကို ကျပ် ၅၀၀ ပေါက်ဈေးရှိပြီး လက်ကားဝယ်ယူမယ်ဆိုရင် တစ်လုံးကို ထိုင်းဘတ်ငွေ တစ်ဘတ်ခွဲလောက်သာ  ပေးရပါတယ်။  ICE ဆိုရင်တော့  တစ်ကီလို တစ်ထုတ်ကို ဘတ် ၂၀,၀၀၀ လောက်ရှိပြီး ဘန်ကောက်မှာတော့  ဘတ် ၅၀,၀၀၀ ဝန်းကျင်ရှိပါတယ်။ အခုနောက်ပိုင်း ထိုင်း-တရုတ်နယ်စပ်တွေမှာ ခေတ်စားလာတာ ဒေသတွင်း အလွယ်ခေါ်နေတဲ့ ”ခေး”(ကက်တမင်း)တွေဖြစ်ပြီး သူ့ရဲ့ပုံစံက ICE နဲ့ဆင်တူပါတယ်။ ဒါတွေကိုတော့ ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ Night Club နဲ့ KTV တွေမှာ လူငယ်အများစုသုံးစွဲလေ့ရှိပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကတဆင့်တင်သွင်းကြတာလို့သိရပါတယ်။ ကတ်တမင်းပုံဆောင်ခဲရဲ့ ပေါက်ဈေးကတော့ တစ်ဂရမ်ကို ထိုင်းဘတ် ၈၀၀ လောက်ပေါက်ဈေးရှိပြီး သုံးစွဲသူတွေဟာ အတုတွေများနေတဲ့အတွက် ဈေးသက်သာတဲ့ ICE နဲ့ရောပြီးရောင်းချလေ့ရှိတာကြောင့် ကတ်တမင်းပုံဆောင်ခဲအလိုက်သာ ဝယ်ယူသုံးစွဲကြတယ်လို့ သိရပါတယ်။ ကတ်တမင်းနဲ့အတူ ဈေးကွက်ထဲရောပါလာတာကတော့ ရေနွေးနဲ့ ဖျောစပ်ပြီး သောက်သုံးကြတဲ့ Happy Water လို့ခေါ်တဲ့ အမှုန့်ထုတ်လေးတွေပါ။ တရုတ်ပြည်က တင်သွင်းတာဖြစ်ပြီး တစ်ဂရမ်သာသာပါတဲ့ တစ်ထုတ်ကို ကျပ် တစ်သိန်းခွဲကျော်အထိ ဈေးပေါက်ပါတယ်။ KTV နဲ့ Night Club တွေသွားကြတဲ့ လူငယ်တွေဟာ ဒီမူးယစ်ဆေးဝါးတွေသုံးစွဲလေ့ရှိပြီး ပျော်ရွှင်မှုပိုဖြစ်စေတယ်လို့ ဆိုပါတယ်။  မူးယစ်ဆေးနဲ့ "ဝ" အခန်းကဏ္ဍ မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ မူးယစ်ဈေးကွက်ရဲ့ အများစုဟာ တာချီလိတ်မြို့မှာ အခြေတည်ကြတဲ့ အခြေအနေမှာရှိပါတယ်။ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေရဲ့ အတွင်းကျကျအခြေအနေမှာ အရင်ခေတ်အဆက်ဆက်မှာ ဦးဆောင်မှုပြုလုပ်ကြတဲ့ "ဝ"တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍဟာ ပါဝင်မှုနည်းပါးလာတာကို တွေ့ရပါတယ်။  အခုနောက်ပိုင်း ပြည်တွင်းက အလုံးအရင်းနဲ့ဖမ်းဆီးရမိမှုတွေဟာ "ဝ"တိုင်းရင်းသားတွေနဲ့ ဆက်စပ်မှုသိပ်မရှိကြတော့ပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံအတွင်း မူးယစ်ဖမ်းဆီးရမိမှုတွေမှာတော့ "ဝ"တပ်ဖွဲ့တွေကို လက်ညှိုးထိုးနေဆဲအခြေအနေမှာတော့ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မိုင်းတုံ၊ မိုင်းဆတ်နယ်မြေတလျှောက်ကိုတော့ "ဝ"တပ်ဖွဲ့တွေ လက်နက်ကိုင်တပ်စွဲထား တာကြောင့်လည်း  ပါဝင်ပါတယ်။  နယ်စပ်တလျှောက် တောင်ကြောတွေမှာ "ဝ"တပ်ဖွဲ့တွေအပြင် ရှမ်းလက်နက်ကိုင်တွေဟာလည်း တပ်စွဲထားကြတာပါ။ UWSA တောင်ပိုင်းမှာတော့ "ဝ" တပ်ဖွဲ့တွေအနေနဲ့ ဇွန်၊ ဇူလိုင် လတွေဟာ မူးယစ်ဆေးဝါး ရှာဖွေမှုဆီးမှုတွေပြုလုပ်မှုအ များဆုံးလလို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။ ဒီလိုကာလမျိုးဆိုရင် ကိုယ့်ခေါင်းဆောင်၊ တပ်စုမှူးတွေရဲ့ အိမ်မှာလည်း ရှောင်တခင် ဝင်ရောက်ရှာဖွေတယ်လို့ သိရပါတယ်။ အဓိက မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို မူးယစ်ဆေး(၆)လဖြတ်ခိုင်းတာ မူးယစ်ဖမ်းမိရင် "ဝ"ထောင်မှာ အပြစ်ပေးတာတွေပြုလုပ်တယ်လို့ သိရပါတယ်။  "ဝ"တပ်ဖွဲ့တွေရဲ့ ပြစ်မှု ပြစ်ဒဏ်ဟာ အတော်မြင့်မားလေ့ရှိပြီး ခြေထောက်ကို သံခြေချင်းခတ်ပြီး အလုပ်ကြမ်းတွေကိုလည်း လုပ်ကိုင်စေတယ်၊ ဒေသတွင်း လမ်းဖောက်တာ အဆောက်အဦး ဆောက်လုပ်တာနဲ့ ရာဘာချက်တာလို ဒေသဖွံ့ဖြိုးရေးအတွက် အလုပ်ကြမ်းတွေလုပ်စေပြီး အဓိက အကျဉ်းသားတွေရဲ့ လုပ်အားကို ရယူတယ်တယ်လို့ သိရပါတယ်။ တစ်ချိန်က တာချီလိတ်နဲ့ မိုင်းဆတ်ကို ဆက်သွယ်ထားတဲ့ အရှည်(၆၅)မိုင်ရှိတဲ့လမ်းပိုင်းဟာ "ဝ"တပ်ဖွဲ့ရဲ့ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ ဖောက်လုပ်ခဲ့ကြတာလို့ သိရပါတယ်။ ဒေသတွင်း ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုအခြေအနေကတော့ တောင်ယာလုပ်ချိန်နဲ့ လယ်စိုက်ပျိုးချိန်တွေမှာ အရင်တုန်းက လူတစ်ဦးကို စိတ်ကြွဆေးပြား ၅ ပြားနဲ့  ဘတ်ငွေ ၁၀၀ ပေးလျှင်  တစ်နေ့တာ လုပ်အားခအဖြစ်သတ်မှတ်ပြီး အခုနောက်ပိုင်း စိတ်ကြွဆေးပြား တန်ဖိုးကျဆင်းလာတဲ့အတွက် လူတစ်ဦးကို ဆေးပြား အပြား ၂၀ နဲ့ ဘတ် ၂၀၀ ပေးရပါတယ်။ ဒီလိုပေးရင်တောင် အလုပ်လုပ်မယ့်သူရှားပါးလာပြီး အဓိကတော့ စိတ်ကြွဆေးပြားတန်ဖိုးကျဆင်းလာရတဲ့အတွက် အလွယ်တကူရရှိပြီး ဆေးသမားတွေဟာ အလုပ်လုပ်မလုပ်ကြတော့တာက အကြောင်းရင်းတခုဖြစ်ပါတယ်။ မူးယစ်ဆေးနဲ့ လိုင်စင်မဲ့ကားလဲတယ် ဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ငွေစင်ရောင်းချမှုနဲ့ တန်ဖိုးကြီး နောက်ဆုံးပေါ်ကားနဲ့ လဲလှယ်မှုဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ မူးယစ်ကုန်သည်တချို့ဟာ ငွေကြေးအမြောက်အများလက်မှာ ကိုင်ဆောင်မထားတဲ့အတွက် နောက်ဆုံးပေါ် Luxs ၊ လန်ခရူဇာ၊ Fortuner ကဲ့သို့သောကားတွေနဲ့ လက်ရှိပေါက်ဈေးကိုတွက်ချက်ပြီ အလဲထပ်လုပ်ကြပါတယ်။ တချို့ကတော့ ဥရောပကားတွေဖြစ်တဲ့ Hamer Jeep ၊ Off Road Pickup တွေနဲ့ အရောင်းအဝယ်လုပ်ကြပြီး ဒီလိုကားတွေကိုတော့ UWSA မြောက်ပိုင်းနဲ့ မိုင်းလားဒေသက ငွေကြေးချမ်းသာသူတွေဆီပြန်လည်ရောင်းချကြလေ့ရှိပါတယ်။ ဒီလိုကားတွေရဲ့တန်ဖိုးဟာ ဘတ်ငွေ ၂ သန်းကနေ  ဘတ် ၅ သန်းကျော်အထိ တန်ဖိုးရှိပြီး ကားအများစုဟာ လိုင်စင်မဲ့တွေဖြစ်ကြပါတယ်။ ငွေစင်ရောင်းဝယ်မှုမှာတော့ ဘဏ်ငွေလွှဲမှုကို မပြုလုပ်ကြဘဲ ငွေထည်လိုက် ကိုင်တွယ်ဝယ်ယူကြတာပါ၊ ဘဏ်ငွေပေးစနစ်မှာတော့ ဒေသတွင်း ငွေကြေးခဝါချလုပ်ငန်း လုပ်ကိုင်သူတွေဟာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအလိုက် ရယူကြပြီး ပြန်လည်လွှဲပြောင်းမှုတွေ ပြုလုပ်ပေးလေ့ရှိပါတယ်။  ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်က ငွေလဲလှယ်သူ အမျိုးသမီးတစ်ဦးကို ဘတ်သန်း ၂၀,၀၀၀ ကျော် ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးထားပြီး ဒီအမျိုးသမီးရဲ့ ဘဏ်စာရင်းအရ တစ်နေ့ကို ဘတ်ငွေ ၁၀ သန်းနဲ့ အထက် အဝင်အထွက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ၂၀၁၉ ဖေဖေါ်ဝါရီ ပထမပတ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းအခြေစိုက်ပြီး အွန်လိုင်းကတဆင့် မူးယစ်ဆေးဝါးရောင်းချနေတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Thep Solo ဂိုဏ်သား ၈၀ ကျော်ကို မိုင်းဆတ်-တာချီလိတ်လမ်းပေါ်က UWSA တောင်ပိုင်း နားယောင်းကျေးရွာမှာ “ဝ”တပ်ဖွဲ့ကဖမ်းဆီးပြီး တာချီလိတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁)ကနေပြီး ထိုင်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီလွှဲပြောင်းမှုမှာ ထိုင်းအစိုးရက အလိုရှိနေတဲ့ Thep Solo ဂိုဏ်ခေါင်းဆောင် မပါဝင်ခဲ့ပါဘူး။ သူကတော့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ တိမ်းရှောင်နေတယ်လို့ သိရပြီး ၂၀၂၀ နှစ်လည်ပိုင်းမှာတော့ တာချီလိတ်မြို့ပေါ်က Night Club တွေနဲ့ KTV တွေမှာ ပျော်ပါးနေခဲ့တယ်လို့ သတင်းတွေကြားရပါတယ်။ ထိုင်းနိုင်ငံသား မူးယစ်ရာဇာတွေဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကျယ်ပြန့်လှတဲ့ နယ်စပ်တစ်လျှောက်မှာ အခြေချနေကြလေ့ရှိပြီး ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံကတဆင့် တောင်တရုတ်ပင်လယ်ကိုဖြတ်သန်းကာ ထိုင်းဝမ်၊ ဟောင်ကောင်ကနေ ဥရောပနိုင်ငံတွေအထိ ပို့ဆောင်နေကြတာပါ။ မြန်မာပြည်တွင်းက ထွက်သွားတဲ့လမ်းကြောင်းတွေကတော့ “ဝ”တောင်ပိုင်းဧရိယာအတွင်း BP1 နယ်စပ်တစ်လျှောက်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ထဲက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံကလည်း အဆက်မပြတ်ဖမ်းဆီးရမိနေတဲ့အခြေအနေပါ။  ၂၀၁၉ ခုနှစ်အတွင်း ထိုင်း မူးယစ်ရာဇာတွေ အုပ်စုကွဲ အဖမ်းခံပြီးနောက်ပိုင်း တပ်မတော်က ဒေသတွင်း တာချီလိတ်မြို့နယ်ထဲက ပြည်သူ့စစ်လက်နက်ကိုင်တချို့ကို လက်နက်ဖြုတ်သိမ်းလိုက်ပါတယ်။ ဒီလို ဖြုတ်သိမ်းမှုတွေမလုပ်ခင်မှာ တာချီလိတ်ခရိုင်နဲ့ မိုင်းဆတ်ခရိုင် ဧရိယာထိစပ်နေတဲ့ ပတ်ဝန်းကျင်တွေကို တပ်မတော်က မူးယစ်ဆေးဝါး စစ်ဆင်ရေးဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မူးယစ်အများအပြား ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီမူးယစ်စစ်ဆင်ရေးမှာ မူးယစ်ဆေးဝါး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ ကောင်းခါးပြည်သူ့စစ်(ဌာနေ)ဝန်းကျင်မှာ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းတွေ လက်နက်၊ခဲယမ်းတွေ တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်မှောင်ခိုလမ်းကြောင်းသစ် မြန်မာဘက်မှာ မူးယစ် စစ်ဆင်ရေးတွေ ပြုလုပ်ဖမ်းဆီးအရေးယူမှုတွေ တိုးလုပ်နေပေမဲ့ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ ကျဆင်းသွားခြင်းမရှိဘဲ ဆက်တိုက်ဖမ်းဆီးရမိနေဆဲဖြစ်တဲ့အတွက် မူးယစ်ရာဇာတွေ လမ်းကြောင်းပြောင်းပြီး သယ်ယူနေတာလို့ ထိုင်းအာဏာပိုင်တွေရဲ့ သုံးသပ်ချက်အရ သိရပါတယ်။ လမ်းကြောင်းအသစ်အနေနဲ့ ကျိုင်းတုံ-တာချီလိတ်ဧရိယာအတွင်း တောင်ပေါ်(၅)အုပ်စုလို့ အများစုသိကြတဲ့ တောင်တန်းတလျှောက် သယ်ယူမှုတွေအပြင် ဒေသတွင်း ရွှေတူးဖေါ်ရေးလုပ်ငန်းဖြစ်တဲ့ တာလေမြို့ နားဟိုင်းလုံရွှေတူးဖေါ်ရေးလုပ်ကွက်တစ်ခုမှာ ၂၀၂၀ နှစ်စပိုင်းလောက်က မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စက်တွေအပြင် လက်နက်တွေဖမ်းဆီးရမိခဲ့ပါတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ပတ်သတ်သူတွေကတော့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန့်ဧရိယာအတွင်းက ရှမ်းလက်ကိုင်တပ်ဖွဲ့တွေဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိပြီး ခေါင်းဆောင်ကိုတော့ ဖမ်းမိခြင်းမရှိဘဲ ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။ တာချီလိတ်ခရိုင်အတွင်း ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးလမ်းကြောင်းတွေကတော့ ကျိုင်းတုံမြို့နယ်ကနေ မိုင်းဖြတ်မြို့နယ်ကိုဖြတ်ပြီး တောင်ပေါ်(၅)အုပ်စု တောလမ်းကြောင်းအတိုင်း ဝင်ရောက်လာပြီး လွယ်တော်ခမ်းကျေးရွာအုပ်စုကနေ ထိုင်းနိုင်ငံ မယ်ဆိုင်-မယ်ဖလုံ-ချင်းမိုင်-ဖယောင်းကနေ ဘန်ကောက်အထိ မူးယစ်ကုန်သွယ်နေတဲ့ လမ်းကြောင်းနဲ့ တာချီလိတ်မြို့နယ် တာလေ-နားဟိုင်းလုံတောင်ကြောကနေ မယ်ခေါင်မြစ်အတွင်း ဝင်ရောက်ပြီး လာအိုကနေတဆင့် ထိုင်းနိုင်ငံအနှံအပြားကို ပို့ဆောင်နေတဲ့လမ်းကြောင်းတွေပါ။ လက်နက်နဲ့ ကျည်ဆန် မှောင်ခိုလောက   လက်နက်မှောင်ခိုနဲ့ပတ်သက်ပြီး ထိုင်းတပ်မတော်က ပယ်ဖျက်လိုက်တဲ့ MA4 (M-16) ရိုးရိုးတစ်လက်ကို ဘတ်ငွေ တစ်သိန်းကျော်လောက်ရှိပြီး အနီးပစ် ၉ လုံးကျည်တစ်လက်ကို ဘတ် ခြောက်သောင်းကျော်ရှိပါတယ်။ AK-47 သေနတ်တွေကတော့ အရောင်းအဝယ်ရှားပါးလေ့ရှိပြီး RPG တစ်လက်ကိုတော့ ဘတ် တစ်သိန်းကျော်နဲ့ ကျည်တစ်တောင့်ကို ဘတ်ငါးထောင်ကျော်ပေါက်ကြေးရှိတယ်လို့ သိရပါတယ်။ လက်နက်ငယ်တွေထဲမှာတော့ 9mm သေနတ်တွေအနေနဲ့ ဥရောပ၊ အမေရိက၊ ချက် စသဖြင့်  မျိုးစုံ ဝင်ရောက်မှုရှိပြီး လူကြိုက်အများဆုံးကတော့ GLock ဖြစ်ကြပါတယ်။  ကျည်ဆန်တွေပေါက်ကြေးကတော့  9mm အတောင့် ၅၀ ပါတဲ့ တစ်ဘူးကို ဘတ် ၁၂၀၀ ကနေ ကျည်ဆန်ကောင်းရင်ကောင်းသလို ဘတ် ၁၇၀၀ ပေါက်ဈေးရှိပြီး  M-16 ကျည်ဆန်ကတော့ တစ်ဘူးကို ဘတ် ၃၀၀၀ ကနေ ၅၀၀၀  အထိရှိပါတယ်။ AK-47 ကျည်ဆန်ကတော့ ပိုမိုဈေးကြီးပြီး ရှားပါးတဲ့အတွက် အထူးအော်ဒါမှာယူရတယ်လို့သိရပါတယ်။ ဒီလိုကျည်ဆန်ဈေးကွက်ကို အဓိက ဝယ်ယူကြတာ ဒေသခံ ပြည်သူ့စစ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်ပြီး နယ်စပ်တစ်လျှောက်ကနေ ဝင်ရောက်လာကြတာဖြစ်ပါတယ်။ လောင်းကစားဂိမ်းခုံတွေနဲ့ မူးယစ်ဆေး  တာချီလိတ်မြို့ဟာ ၁၉၉၅ ခုနှစ်ဝန်းကျင်လောက်က ကွမ်းယာဆိုင်တိုင်းလိုလို မူးယစ်ဆေးဝါးအလွယ်တကူ ဝယ်ယူရရှိခဲ့သလို အခုလက်ရှိမှာလည်း တရားမဝင်ဖွင့်လှစ်ထားတဲ့ လောင်းကစားဂိမ်းခုံတွေ များပြားတဲ့အတွက် ဂိမ်းခုံတွေမှာ မူးယစ်ဆေးတွေ  စိတ်ကြိုက်ဝယ်ယူလို့ရရှိပါတယ်။ တချို့သော ဂိမ်းခုံတွေဆိုရင် မူးယစ်ဆေး ဝါးသုံးစွဲနိုင်ဖို့ အခန်းတွေတောင်ဖွင့်လှစ်ထားပေးကြပါတယ်။ ဒီဂိမ်းခုံတွေကို အဓိက အကာ အကွယ်ပေးထားကြတာ ဘယ်သူတွေလဲဆိုတာကိုတော့ တာချီလိတ်မြို့သားတွေအားလုံး သိပါတယ်။  ဂိမ်းခုံအသေးတစ်ခုံကို လိုင်းကြေးက ဘတ်ငွေ ၈၀၀၀ ၊ ဂိမ်းခုံအကြီးဆိုရင်တော့ ဘတ်ငွေ တစ်သိန်းကနေ သုံးသိန်းအထက်ရှိပါတယ်။  ဒီကိစ္စသက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်းရာမှာတော့ "ဒီဂိမ်းခုံတွေမှာ ခိုး၊ ဆိုး၊ နှိုက်အများစုကို ထိန်းထားနိုင်တယ်၊ တကယ်လို့ ပြစ်မှုတစ်စုံတစ်ခုဖြစ်ရင် သူတို့အထဲမှာ စုံစမ်းရှာဖွေလိုက်ရင်ကို လွယ်လွယ်နဲ့မိလို့ မြို့ကိုထိန်းထားနိုင်တဲ့အတွက် ဖွင့်ခွင့်ပေးထားတာပါ"လို့ ဖြေကြားခဲ့ပါတယ်။ ဂိမ်းခုံတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦးကတော့ "ဒီလို ဂိမ်းခုံတွေဖွင့်ခွင့်ပေးထားတာ ပြစ်မှုကျူးလွန်ဖို့ အခွင့်အရေးပေးထားတာနဲ့တူတယ်။ မှုခင်းဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တာ မဟုတ်ဘူး ဖြစ်ပွားအောင်ဖွင့်ပေးထားတာ။ အခုဆို ၈ တန်းကျောင်းသားကအစ စိတ်ကြွဆေးပြားသုံးစွဲနေတာ။ ကျောင်းမှာ ပြဿနာဖြေရှင်းရရင်လည်း ကလေးတွေ ဂိမ်းခုံသွားတာပါလာတယ်။ နောက်ဆုံး အိမ်က ပိုက်ဆံခိုး၊ ရွှေခိုး၊ ဆိုင်ကယ်ခိုးတာတွေပါ လုပ်လာကြတယ်။ ဒါမျိုးဖြစ်လို့ ရဲတိုင်ရင် ဘာမှ တာဝန်ယူပြီးဆောင်ရွက်ပေးတာသိပ်မရှိဘူး" လို့ ပြောပါတယ်။ အခုဆိုရင် တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံက ရုပ်သံတွေနဲ့ သတင်းစာတွေမှာ အမြဲလိုလိုတွေ့နေကြဖြစ်တဲ့  လုယက်မှုတွေ၊  သေနတ်နဲ့ပစ်ခတ် အကြမ်းဖက် ပြစ်မှုကျူးလွန်တဲ့ မှုခင်းတွေလည်း မကြာခဏ မြင်တွေ့ လာနေရပြီဖြစ်ပါတယ်။  ထောင်တွင်း ပြစ်ဒဏ်ကျခဲ့ဖူးသူတစ်ဦးက "ကျနော်တို့တုန်းက အလွန်ဆုံး ဆိုင်ကယ်ခိုးတာ၊ အိမ်ဖောက်တာလောက်ပဲ ကြားဖူးတယ်။ ဒါမျိုးဖြစ်ရင်တောင် ဘယ်အဖွဲ့ကလုပ်တာဆိုတာ ခန့်မှန်းလို့ရတယ်။ အခုက ထိုင်းနိုင်ငံက လူဆိုးဂိုဏ်းတွေ၊ ပြစ်မှုကျူးလွန်လေ့ရှိတဲ့ ပုံစံတွေ ဖြစ်နေတယ်။ ဒါကြောင့် ထိုင်းက တရားမဝင်နေထိုင်တဲ့ လူတွေဖြစ်ဖို့များတယ်လို့ထင်တယ်၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေလည်း အဲ့ဒီလို လုပ်လေ့လုပ်ထမရှိကြဘူး၊ ထောင်ထဲမှာလည်း ဒါမျိုးပြစ်မှုကျူးလွန်တဲ့သူတွေဆိုတာ သိပ်ရှားတယ်။ အဓိက ဆေးကြောင်ပြီး လုပ်ကြတာလို့ထင်တယ်"လို့ပြောပါတယ်။ တာချီလိတ်မြို့မှာ လတ်တလောနှစ်တွေအတွင်း လက်နက်ပစ်ခတ်မှုတွေ၊ ဓားထိုးမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သလို အရင်က မကြားဖူးတဲ့ ကားခိုးမှုတွေ၊ နေ့ခင်းကြောင်တောင် ရွှေဆိုင်အနုကြမ်းစီးတာတွေ သေနတ်ပစ်ခတ်မှုတွေဟာ ကြုံတွေလာရပါပြီ။ ထိုင်း-မြန်မာ- လာအို သုံးနိုင်ငံနယ်စပ် မြန်မာပြည်ရဲ့ အရှေ့ဘက်တံခါးပေါက်ဖြစ်တဲ့ တာချီလတ်ဒေသဟာ ခုဆိုရင်   KTV၊  နိုက်ကလပ် ၊ ကာစီနို၊ ဂိမ်းခုံလောင်းကစား၊ ဘီယာဆိုင် အရက်ဆိုင်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေ စည်ကားတိုးပွားလာနေသလို တရားမဝင်ထိုင်းတွေ၊ တရုတ်တွေ၊ ဝရမ်းပြေးတွေ ခိုလှုံကျက်စားနေတဲ့ မူးယစ်မှောင်ခို၊ လက်နက်မှောင်ခိုနဲ့ တခြားဒုစရိုက်လုပ်ငန်း ပေါင်းစုံရှိရာ ဗဟိုချက်မကြီးသဖွယ်ဖြစ်လာနေပါပြီ။  ခေတ်အဆက်ဆက် အာဏာပိုင်တွေရဲ့ အားနည်းချက်တွေကြောင့် ပွင့်ကျသွားတဲ့အရှေ့တံခါးပေါက်ကြီးကို ပြန်လည်  ထိန်းချုပ် နိုင်အောင် တာချီလိတ်မြို့ကိုချစ်တဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ အစိုးရတာဝန်ရှိသူတွေအားလုံးက အမြန်ဆုံး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။  ရေးသူ-ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024