မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်ရှိလာ
DVB
·
December 3, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁,၄၁၈ ယောက်နဲ့ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ အယောက် ၃၀ ထဲမှာ ၂၄ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၂,၇၁၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၄၁၈ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ ၁,၁၄၇ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၄၀ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၇၀၇ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၈၄၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၃,၇၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၅ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
PHOTO-MOHS