မုန်တိုင်းငယ် ထရီကိုမာလီမြို့နှင့် ကန်ညာကူမာရီမြို့တို့၏ ပင်လယ်ပြင်ကို ဗဟိုပြုနေ
DVB
·
November 30, 2020
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတော့ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁ ရက်မနက်အထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမှာဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်၊
လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၆ ပေမှ ၉ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။