စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ရရေး ရန်ကုန်တိုင်းအစိုးရနှင့်ညှိနှိုင်းနေ
DVB
·
November 27, 2020
ရန်ကုန်တိုင်းထဲက စားသောက်ဆိုင်တွေ ဒီဇင်ဘာလအတွင်းမှာ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။
ကိုဗစ်-၁၉ ပြည်တွင်းကူးစက်လူနာ မြင့်တက်နေတဲ့အတွက် ရန်ကုန်တိုင်းထဲမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို စက်တင်ဘာ ၈ ရက်နေ့က စတင်ပြီး ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာပါ။
ကိုဗစ်ကြောင့် စားသောက်ဆိုင်တွေဟာ ပါဆယ်စနစ်နဲ့ ရောင်းချနေရပြီး ရောင်းအားက သိသာစွာ ကျဆင်းနေသလို ဆိုင်ပိုင်ရှင်တွေဘက်က လစဉ် ဆိုင်ငှားခ၊ အခွန်အခနဲ့ ဝန်ထမ်းငှားရမ်းခ စတာတွေ ပေးဆောင်နေရတဲ့ အခြေအနေရှိပါတယ်။
ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း ကိုဗစ်စည်းကမ်းနဲ့ အညီ စားသောက်ဆိုင်တွေ ပြန်ဖွင့်လှစ်ရဖို့ မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များအသင်း ပြီးခဲ့တဲ့ရက်က တိုင်းအစိုးရဆီ စာတင်ပြထားတယ်လို့ အသင်းဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်ကြောင့် ပိတ်သိမ်းထားရတဲ့ စားသောက်ဆိုင်အများစုဟာ ပြန်လည်ဖွင့်လှစ်ခွင့် မရနိုင်ဘဲ ပြိုလဲသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီထဲ ၈၅ ရာခိုင်နှုန်းလောက်က ပြန်ခွင့်မရရင် အပြီးပိတ်သိမ်းဖွယ်ရှိနေတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။
အခုလိုသာ နောက်ထပ် ၂ လ၊ ၃ လအတွင်း စီးပွားရေး နာလန်မထူတော့ပါက အလုပ်လက်မဲ့လူဦးရေ များပြားလာနိုင်တယ်လို့ ဦးနေလင်းက ဆိုပါတယ်။
ကိုဗစ်ကာလအတွင်း ဆိုင်တွေပိတ်ထားရကြောင့် ဝင်ငွေမရှိတာကြောင့် ဆိုင်ကဝန်ထမ်းတွေကို လစာမပေးနိုင်တဲ အခြေအနေတွေ ရှိလာတယ်လို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားဧည့်သည်တွေ အသုံးပြုနိုင်မယ့် အဆင့်မြင့်စားသောက်ဆိုင်ပေါင်း ၈၀၀ ကျော် ရှိနေပြီး ရန်ကုန်တိုင်းထဲမှာ ဆိုင်ပေါင်း ၃၀၀ ကျော်ရှိနေပါတယ်။
နန့်ခိုင်