Homeမြန်မာသတင်း
တပ်မတော်စခန်းချခဲ့သည့်ရွာက မိုးစပါးများ အချိန်မီမရိတ်နိုင်သဖြင့် အခြားရွာသားများ လာကူညီ
တပ်မတော်စခန်းချခဲ့သည့်ရွာက မိုးစပါးများ အချိန်မီမရိတ်နိုင်သဖြင့် အခြားရွာသားများ လာကူညီ
DVB
·
November 23, 2020
တပ်မတော်က ၁၃ ရက်ကြာ စခန်းချခဲ့တဲ့ ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာမှာ မိုးစပါးခင်းတွေ အချိန်မီရိတ်သိမ်းနိုင်ဖို့ အခက်အခဲရှိနေတာကြောင့် အခြားကျေးရွာသားတွေက လာရောက် ကူညီရိတ်သိမ်းပေးနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအုပ်စု ဇိုင်ချောင်းကျေးရွာမှာ နိုဝင်ဘာလ ၂ ရက်နေ့က တပ်မတော် စစ်ကြောင်း ၁ ခုက ကျေးရွာအတွင်း ဝင်ရောက်လာပြီး ကျေးရွာနေသူတချို့ကို ထိန်းသိမ်းစစ်ဆေးခဲ့တာကြောင့် ကျေးရွာနေသူတွေ စိုးရိမ်ထိတ်လန့်ကာ နီးစပ်ရာကျေးရွာတွေနဲ့ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာပါ။
တပ်မတော်က ဇိုင်ချောင်းကျေးရွာမှာ ၁၃ ရက်ကြာနေထိုင်ခဲ့ကာ ထွက်ခွာသွားပြီးနောက် ထွက်ပြေးသွားတဲ့ ရွာသားတွေ ပြန်လည်ရောက်ရှိလာပြီး မိုးစပါးတွေ အချိန်မီရိတ်သိမ်းနိုင်ဖို့ အခက်အခဲတွေရှိတဲ့အတွက် နီးစပ်ရာကျေးရွာတွေက ဒေသခံတွေ လာရောက်ကူညီ ရိတ်သိမ်းပေးနေကြတာလို့ ဇိုင်ချောင်းကျေးရွာနေ ဒေါ်ဒေါင့်တိုမက ဒီဗွီဘီကို ပြောပါတယ်။
“ဆုံးရှုံးမှုတွေကတော့ စပါးတွေဘာတွေ ဆုံးရှုံး သွားတယ်။ တရွာလုံးမှာ အများကြီးဆုံးရှုံးသွားကြတယ်။ ဒန်အိုးဒန်ခွက်ကအစ ဆန်တွေလည်း ဆုံးရှုံးသွားကြတဲ့သူတွေလည်း ရှိတယ်။ ကူညီပေးတာကတော့ လိပ်ခမော်၊ မလကျွန်းနဲ့ တခြားရွာတိုင်း ရွာတိုင်းက လာရောက်ကူညီကြတယ်။”
လာရောက်ကူညီရိတ်သိမ်းပေးတဲ့ အုန်းတောကျေးရွာနေ ကိုသန်းရွှေက “ကျနော်တို့ သိသလောက်က မြန်မာ့တပ်မတော်ကလာပြီးတော့ ဒီရပ်ရွာမှာ ပြည်သူတွေကို ထိန်းသိမ်းထားပြီးတော့ ရက်ပေါင်းအတော်ကြာ သွားတယ်။ အဲဒီမှာ စပါးတွေက ရိတ်ချိန်လွန်သွားတယ်၊ စပါးတွေက ကောက်ကျိုးသွားပြီးတော့ ရိတ်ချိန်လွန်သွားတော့ ပျက်စီးကုန်တယ်။ ကျွန်တော်တို့ အနီးအနားရွာတွေက လူငယ်တွေ၊ လူကြီးတွေက ပရဟိတစိတ်နဲ့ လာရောက်ရိတ်သိမ်းပေးတာ” လို့ ပြောပါတယ်။
ဇိုင်ချောင်းကျေးရွာမှာ နိုဝင်ဘာ ၂ ရက်နေ့က အရပ်ဝတ်နဲ့ တပ်မတော်သား ၂ ဦး ကို အေအေတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက် လာပြီး ကျေးရွာနေသူ ၁၅၀ ဝန်းကျင်ကို ၁၃ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးပြီး ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
သတင်း - နောင်နောင်