လေဖိအားနည်းရပ်ဝန်း ၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်
DVB
·
November 23, 2020
ဒီနေ့မနက် ၅ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက် ၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ အများအားဖြင့်သာယာပြီး ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ လောက် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ညအပူချိန်များ အနည်းငယ် တိုးလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။