လေဖိအားနည်းရပ်ဝန်း ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်
DVB
·
November 22, 2020
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ အီကွေတာ အနီး အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းကို ရောက်ရှိခဲ့ပြီး နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနေ့ ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ဧရာဝတီတိုင်း၊ ချင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်နဲ့ ကရင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။