တရုတ်ဘက် ကုန်ပို့သည့် ယာဉ်မောင်းများ နေထိုင်စားသောက်ရေး အခက်အခဲ ကြုံနေရ
DVB
·
November 21, 2020
မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တီမှာ တရုတ်ဘက် ကုန်သွားပို့တဲ့ ယာဉ်မောင်းတွေ နေထိုင်စားသောက်ရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက တာဝန်ရှိသူတွေဟာ မြန်မာယာဉ်မောင်းတွေကို ကိုဗစ် ၁၉ ရောဂါပိုး စစ်ပြီး ရောဂါကင်းစင်မှသာ ဝင်ရောက်ခွင့်ပြုထားပြီး နေထိုင်ရတာလည်း ခြံစည်းရိုးခတ်ထားတဲ့ နေရာမှာ တဲအနည်းငယ်သာ ဆောက်လုပ်ပေးထားတယ်လို့ ယာဥ်မောင်းတဦးကပြောပါတယ်။
“စားရေးသောက်ရေး ခက်ခဲတဲ့အပြင် နေရတာက ကျန်းမာရေးနဲ့မညီညွတ်ဘဲ အိပ်ရတော့လည်း ပြည့်ကျပ်နေကာ ထမင်းကချက်စား၊ ဝယ်စားလို့မရဘဲ ကုန်သည်တွေပို့မှ စားရတယ်။”
တရုတ်နိုင်ငံက တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံသားတဦးကို ဆေးစစ်ခ ၂၈၀၀၀ ကျပ်တောင်းခံပြီး ကားတစ်စီး လူတစ်ယောက်သာခွင့်ပြုပြီး မြန်မာအစိုးရကတော့ တရုတ်နိုင်ငံဘက်က ကားတွေကို လူနှစ်ယောက်ဝင်ခွင့်ပြုကာ ယာဥ်ရော၊ ယာဥ်မောင်းရော လွတ်လွတ်လပ်လပ်သွားလို့ ရတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။
ကန်ပိုင်တီနယ်စပ် တရုတ်နိုင်ငံထဲ သွားတဲ့ မြန်မာယာဥ်မောင်းတွေဟာ ညအိပ်စရာ နေရာနဲ့ စားသောက်ဖို့ ဆင်းရဲဒုက္ခရောက်ရပြီး အစားထိုး ယာဥ်မောင်းတွေဟာလည်း ဂျပန်ကားနဲ့တရုတ်ကား ပုံစံမတူတော့ ကားမောင်းတဲ့အခါမှာ ကျွမ်းကျင်မှုမရှိတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိနေတယ်လို့ ကချင်ပြည်နယ် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်တူးက ပြောပါတယ်။
“တရုတ်တွေက မြန်မာဘက်မှာ လွတ်လွတ်လပ်လပ်နေလို့ရတယ်။ မြန်မာကျတော့ တရုတ်နယ်စပ်ထဲရောက်သွားရင် ကန့်သတ်ချက်တွေနဲ့နေရတယ်။”
အခုလို ယာဉ်မောင်းတွေ အခက်အခဲ ကြုံနေရတာနဲ့ပတ်သက်ပြီး ဝန်ကြီးနဲ့ တွေ့ဆုံကာ တင်ပြသွားဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေတွင် ယာဉ်မောင်း အစားထိုးမှုများကြောင့် ကားများပျက်စီးပြီး နေ့တစ်ပိုင်းအတွင်း ကားပျက်သွားတာ ၁၂ စီး ရှိပြီဖြစ်ကြောင်းယာဥ်မောင်းများထံမှ သိရပါတယ်။
ရောဂါထိန်းချုပ်မှု စံသတ်မှတ်ချက်၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ အများကြီးရှိနေသလို တရုတ်နယ်စပ်ဘက်မှာ လူနဲ့ ကားတွေကို နေရာခွဲထားပြီး ကုန်ပစွည်းတွေ ချရတာကြောင့်လည်း အခက်အခဲတွေရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
Pra Jaw