Homeမြန်မာသတင်း
လူမျိုးရေးအကြောင်းပြ မဲဆွယ်မှုဖြင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အမှုဖွင့်
လူမျိုးရေးအကြောင်းပြ မဲဆွယ်မှုဖြင့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အမှုဖွင့်
DVB
·
November 21, 2020
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ရွေးကောက်ပွဲကာလ လူမျိုးရေးအကြောင်းပြ မဲဆွယ်မှုနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မြင့်ကို ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေပြုအထောက်ကူပြု ကော်မတီဝင် ၂ ဦးကနေ တရားလိုလုပ် အမှုဖွင့်ထားတာပါ။
အမှုဖွင့်ထားသူတဦးဖြစ်တဲ့ ဦးစိန်သန်းက "အခုလိုစွဲဆိုရတာက ဦးမောင်မြင့်ကို မုန်းတီးတဲ့ အာဃတမျိုးမရှိပါဘူး။ မဲဆွယ်စည်းရုံးခွင့်ကာလမှာ ရွေးကော်ကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်တာရှိခဲ့လို့ တိုင်တန်းရတာ” လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်စခန်းမှူး ဦးဇော်မိုးကျော်က " ဦးမောင်မြင့်ကို ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ထားတာဟုတ်ပါတယ်။ အမှုဖွင့်ထားတုန်းပဲ ရှိသေးတာပါ။ မင်းကင်းမြို့မရဲစခန်းမှာတော့ ပုဒ်မ ၅၈ (ဂ) အပါအဝင် ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတာ ၆ ခုရှိလောက်ရှိတယ်” လို့ ပြောပါတယ်။
ပုဒ်မ ၅၈ (ဂ) ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး ဟောပြောစည်းရုံးမှု ကျူးလွန်တာရှိခဲ့ရင် အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ငွေဒဏ် ၁ သိန်းဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။