ကိုယ်စားမဲပေးသူ၊ ခွင့်ပြုခဲ့သူနှင့် တံဆိပ်တုံးအတုဖြင့် မဲပေးသူများကို အမှုဖွင့်
DVB
·
November 21, 2020
ကိုယ်စားမဲပေးသူတွေနဲ့ ခွင့်ပြုခဲ့သူတွေ၊ တံဆိပ်တုံးအတုနဲ့ မဲပေးသူ၊ မဲ ၂ ကြိမ်ပေးခဲ့သူနဲ့ မဲရုံပစ္စည်းဖျက်ဆီးခဲ့သူကို အမှုဖွင့်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ရွာ မဲရုံအမှတ် ၃ မှာ ဦးမောင်မြင့်ဟာ ဆန္ဒမဲပေးရာမှာ သူကိုယ်တိုင်ယူလာတဲ့ UEC အမှတ်အသား မပါတဲ့ တံဆိပ်တုံးအတုနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ဆန္ဒ မဲလက်မှတ်တွေကို ဆန္ဒပြုခဲ့တာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စု၊ မဲရုံအမှတ် ၁ မှာ ကင်းတပ်ရွာနေ မဲစာရင်းမှာမပါတဲ့ ဦးချမ်းမြေ့အေးဟာ သူ့အကို ဦးငြိမ်းချမ်းအေးကိုယ်စား မဲပေးခဲ့ပြီး အဲဒီလို မဲပေးခွင့်ရဖို့ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှကြိုင်က ခွင့်ပြုပေးခဲ့ပါတယ်။
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်၊ မဲရုံအမှတ် ၁ မှာ ဒေါ်ဖူးငုံဖြိုးရဲ့အစား ညီမဖြစ်သူ မမွန်မွန်ဝေက ကိုယ်စားလာရောက်မဲပေးခဲ့ပါတယ်။
လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ လဲခုံကြီးရွာနေ ဦးသူရအောင်ဟာ ကွင်းကြီးကျေးရွာအုပ်စု မဲရုံအမှတ် ၅ မှာ တကြိမ်၊ ဇနီးဖြစ်သူနေထိုင်ရာ အင်္ဂပူမြို့နယ်၊ နွားခြံ ကုန်းကျေးရွာအုပ်စု၊ ကုန်းတောင်နီရွာ မဲရုံအမှတ် ၂ မှာ တကြိမ် မဲပေးခဲ့ပါတယ်။
လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်ကျေးရွာအုပ်စု၊ လက်ပံကုန်းရွာ မဲရုံအမှတ် ၂ မှာတော့ စုံစမ်းနေဆဲ တရားခံက ဆန္ဒမဲပေးတဲ့ အခန်းတွေနဲ့ ဆန္ဒမဲပေးရာမှာ သုံးမယ့်ပစ္စည်းတွေကို ရွေးကောက်ပွဲမတိုင်ခင်တရက်က ဖျက်ဆီးခဲ့ပါတယ်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာအုပ်စုမဲရုံအမှတ် ၂ မှာ မကြူကြူသင်းဟာ ရန်ကုန်မြို့မှာနေတဲ့ သူ့ရဲ့ အစ်မဖြစ်သူ မအေးသက်နိုင်ကိုယ်စား မဲပေးခဲ့ပြီး မဲရုံမှူး ဒေါ်အုန်းကြိုင်က ခွင့်ပြုပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စုမဲရုံအမှတ် ၁ မှာ ဒေါ်မေဝင်းဟာ တရွာတည်းနေသူ ဒေါ်ခင်ခင်စိုးရဲ့ မဲစာရင်း အမှတ်စဉ်နဲ့ ကိုယ်စားမဲပေးခဲ့ပါတယ်။
ဒီဖြစ်စဉ် ကျူးလွန်ခဲ့သူတွေကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/ ၄၆၈၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊ ၅၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။