ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်ကုန်သည်ကြီးများအသင်းချုပ်က သိန်း ၇၀၀၀လှူဒါန်း
DVB
·
November 21, 2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ဆေးရုံတွေ အဆင့်မြှင့်တင်နိုင်ဖို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်က ကိုဗစ်ကော်မတီကို ကျပ်သိန်း ၇၀၀၀ လှူဒါန်းခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပြည်သူတွေကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှုရရှိမှာဖြစ်ပြီး အသင်းချုပ်အနေနဲ့တတ်အားသရွေ့ ပါဝင်လှူဒါန်းခဲ့တာလို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ပြောပါတယ်။
လှူဒါန်းပွဲအခမ်းအနားမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လက်တွေ့မြေပြင်မှာ လူနာတွေအား ကိုင်တွယ်ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို အများဆုံးထိခိုက်ခံစားနေရပြီး နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေနဲ့ ကိုဗစ်ကြောင့် ကြုံတွေ့ရတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်သူတွေ ဆက်လက်ဝိုင်းဝန်း ကူညီကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အခုလို လှူဒါန်းတာဟာ များစွာအကျိုးရှိပြီး လူနာတွေရဲ့ အသက်ကို ကယ်တင်ကုသရာမှာ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေကို လက်ဆင့်ကမ်းဝေမျှတာနဲ့ လိုက်နာဆောင်ရွက်ကြစေဖို့ အချင်းချင်းတိုက်တွန်းနှိုးဆော်တာတွေ လုပ်ကြဖို့ ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်တွေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေပြီး အစိုးရအဖွဲ့အနေနဲ့ ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့လည်း ဝန်ကြီးက မေတ္တာရပ်ခံခဲ့ပါတယ်။