ကေအန်ယူ၏ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်ကို ကရင်ပြည်နယ်စိုးရ ကန့်ကွက်
DVB
·
April 19, 2020
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ တပ်မဟာ-၁ တပ်ရင်း ၂ ရဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ထားပါတယ်။
ဧပြီ ၁၇ ရက် နေ့စွဲနဲ့ ကေအန်ယူ ဗဟိုနှင့်တပ်မဟာဆက်ဆံရေးရုံးဆီ ပေးပို့တဲ့ ကန့်ကွက်စာမှာ ကေအန်ယူအနေနဲ့ အန်စီအေ သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်သွားဖို့နဲ့ နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ မပြုလုပ်ဖို့ တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ ပါရှိပါတယ်။
ကေအန်ယူ လက်အောက်ခံ တပ်မဟာ-၁ တပ်ရင်း ၂ အနေနဲ့ ဧပြီ ၁၅ ရက်နေ့က သထုံမြို့နယ် ထုံးဘိုကြီးကျေးရွာ သိမ်းဆိပ်-ပိန္နဲတော-လေးကေ သွားတဲ့လမ်းမပေါ်မှာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ဖြတ်သန်းသွားလာသူတွေကို အပူချိန်တိုင်းတာ၊ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ခရီးသွားပြည်သူတွေကို နေ့စဉ် မနက်က ၅ နာရီကနေ ၂ နာရီအချိန်ထိသာ သွားခွင့်ပြုမှာဖြစ်ကြောင်း၊ မလိုအပ်ဘဲ ခရီးသွားလာမှုတွေ ရှောင်ရှားဖို့၊ တတ်နိုင်သမျှ နေအိမ်တွင်းသာ နေထိုင်ဖို့၊ လူစုလူဝေး ဖြစ်ပေါ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေကို မကျင်းပဖို့ အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။
ဒီအပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က လက်မှတ်ထိုးပြီး ကန့်ကွက်လွှာပေးပို့ထားတာ ဖြစ်ပါတယ်။
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်ရဲ့ ကန့်ကွက်လွှာနဲ့ပတ်သက်ပြီး ကေအန်ယူလက်အောက်ခံ တပ်မဟာ ၅ ဌာနချုပ်ကလည်း ဒီကန့်ကွက်လွှာပါ နေရာတွေဟာ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ ရှိနေကြောင်းနဲ့ ရောဂါကြိုတင်ကာကွယ်တားဆီးရေး လုပ်ဆောင်မှုကို ကန့်ကွက်တာဟာ ဒေသခံကရင်ကျေးရွာလူထုအပေါ် မမှန်ကန်တဲ့ သဘောထားဖြင့် ရောဂါပိုးကူးစက်စေလိုတဲ့သဘော သက်ရောက်နေကြောင်း ပြန်လည်ထုတ်ပြန်ကန့်ကွက်ထားပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်ရဲ့ ကန့်ကွက်မှုကို အလေးအနက် ပြန်လည်ကန့်ကွက်ကြောင်း ဧပြီ ၁၇ ရက်စွဲနဲ့ ပြန်လည်ထုတ်ပြန်ခဲ့တာပါ။