ရှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်နှုန်းတိုးလာသဖြင့် ပိုမိုတင်းကြပ်သွားမည်
DVB
·
November 20, 2020
ရှမ်းပြည်နယ် မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းပိုတိုးလာတဲ့အတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ပိုမိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်မယ်လို့ ရှမ်းပြည်နယ်အစိုးရအတွင်းရေးမှူး ဦးနေလင်းက နိုဝင်ဘာ ၂၀ နေ့က ပြောပါတယ်။
ရှမ်းပြည်နယ်မှာ နိုဝင်ဘာ ၁၉ နေ့ တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၂၀ တွေ့တဲ့အတွက် အနည်းဆုံးနှစ်ပတ် ပိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဦးနေလင်းက “စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသောက်တာ မရှိအောင်ကြီးကြပ်မယ်။ မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးအင်အား အပြည့်ထားဖို့ အပါအဝင် mask campaign တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဘက် တာဝန်ရှိသူတွေ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၂၀ နေ့က ညွှန်ကြားချက်တွေထုတ်ထားပါပြီ” လို့ ပြောပါတယ်။
တိုင်းနဲ့ပြည်နယ်တွေက ဝင်ရောက်မယ့် ယာဉ်မောင်း ယာဉ်နောက်လိုက်တွေဟာ သက်ဆိုင်ရာက ထုတ်ပေးတဲ့ ၇၂ နာရီထက်မကျော်လွန်တဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဆေးစစ်ထောက်ခံစာပါရှိမှသာ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပြုမယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်စစ်ဆေးရေးဂိတ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအဝင် နမ့်ပန်တက်ဂိတ်တို့မှာ ကြေညာထားပါတယ်။
ရှမ်းပြည်နယ်အခြပြု ဒေသခံကုန်တင်ယာဥ်မောင်းကိုတော့ အဝင်ကော အထွက်ကော စစ်ဆေးပေးမှာဖြစ်ပြီး အခြားဒေသကလူတွေကတော့ ရှမ်းပြည်ကအထွက်မှာထုတ်ပေးတဲ့ ထောက်ခံစာနဲ့ ပြန်ဝင်လို့ မရတော့ပါဘူးလို့ ရှမ်းပြည်နယ်အစိုးရ ညွှန်ကြားရေးမှူး ဦးကျော်ဆွေဝင်းက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ နိုဝင်ဘာ ၁၉ နေ့ထိ ပိုးတွေ့လူနာ ၂၉၈ ဦးရှိတဲ့အနက် ဆေးရုံဆင်းသူ ၁၄၁ ဦး၊ သေဆုံးသူ ၁ ဦးနဲ့ လက်ရှိ ၁၅၆ ဦး ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။