ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာတွင် လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံး
DVB
·
November 20, 2020
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာမှာ နိုဝင်ဘာ ၂၀ ရက် မနက် ၁ နာရီ ကျော်လောက်က လူနေအိမ် ၆ လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဒီမနက် ၁ နာရီ ကျော်လောက်မှာ ခါးပြတ်ကျေးရွာနေ ဦးလင်းလင်း (ခ)ဦးအောင်ထွန်းရဲ့ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း နေအိမ်မှာ မီးကြွင်း၊ မီးကျန်ကနေ စတင်မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုကို နယ်မြေခံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ရွာသူရွာသား အင်အား ၁၅၀ လောက်နဲ့ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ မိနစ် ၅၀ လောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုကြောင့် လူတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုမရှိဘဲ လူနေအိမ် ၆ လုံး မီးထဲပါသွားလို့ မီးဘေးသင့် မိသားစုတွေ ရွှေထီးကျေးရွာ အ.ထ.က မှာ ယာယီခိုလှုံနေကြရပါတယ်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခါးပြတ်ကျေးရွာနေ ဦးလင်းလင်း (ခ)ဦးအောင်ထွန်းကို ဒေါ်ညိမ်းနယ်မြေရဲစခန်း အမှုစစ်ရဲအုပ် အေးမင်းထွန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
ကျော်စိုးမိုး