အသက် ၁၄ နှစ်အောက်ကလေးငယ်များကို အလုပ်ခိုင်းစေပါက အရေးယူခံရမည်ဟု သတိပေး
DVB
·
November 20, 2020
အသက် ၁၄ နှစ်အောက် ကလေးတွေကို လုပ်ငန်းခွင်တွေမှာ အလုပ်ခိုင်းစေပါက ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ မျိုးလုံးအရေးယူခံရနိုင်တယ်လို့ အလုပ်ရုံအလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သတိပေးပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အငယ်ဆုံးအသက်အရွယ်က ၁၄ နှစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အသက် ၁၄ နှစ်အောက်တွေကို ဘယ်လုပ်ငန်းခွင်တွေမှာမှ အလုပ်ခိုင်းစေခွင့်မရှိပါဘူး။ ဒီလို အသက် ၁၄ နှစ်အောက်ကလေးတွေကို အလုပ်ခိုင်းစေခြင်းက ၁၉၅၁ ခုနှစ်အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ခုနှစ်ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ ထောင်ဒဏ် ၊ ငွေဒဏ် ၂ မျိုးလုံး အရေးယူခံရနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရ ဥပဒေသာပြဋ္ဌာန်း ထားပေမဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်တာမရှိသေးဘဲ လုပ်ငန်းခွင်တွေမှာ ကလေးလုပ်သားတွေ မြင်တွေ့ရဆဲဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံမှာ ကလေးလုပ်သား ဦးရေ ပိုမိုများလာဖွယ်ရှိတယ်လို့လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ကလေးလုပ်သားအရေး စောင့်ကြည့်လေ့လာသူ ဒေါ်အိဟေမာက DVB debate ဆွေးနွေးပွဲမှာ ပြောပါတယ်။
“ကလေးလုပ်သားနဲ့ ဆင်းရဲနွမ်းပါးမှုနဲ့က သွားချိတ်နေတာ။ နဂိုကတည်းက နွမ်းပါးတဲ့ တိုင်းပြည်ဆိုတဲ့အထဲ ကိုဗစ်ကဝင်လာတော့ ကျိန်းသေတယ်။ ကလေးအရေအတွက်ကများလာမှာ။ လောလောဆယ်မှာ သက်သေပြစရာ အသေးစိတ် အချက်အလက်တော့မရှိပါဘူး။ ဒါပေမဲ့ ရှေ့မှာထွက်ထားတဲ့ စာတမ်းတွေရှိပါတယ်။ သူတို့က အရှေ့အရှေ့ ဒီလိုမျိုးကပ်ရောဂါလိုမျိုးဖြစ်ခဲ့တဲ့အခြေအနေနဲ့ ချိန်ထိုးလိုက်တဲ့အခါမှ ကလေးတွေက အလုပ်လုပ်တဲ့ အရည်အတွက်များကိုလာတော့မှာ။”
ဒီကနေ့ နို၀င်ဘာ ၂၀ ရက်နေ့က ကမ္ဘာကလေးများနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်းစာရင်းအရ မြန်မာ့လူဦးရေ ၅၄ သန်းကျော်မှာ ၂၇ ရာခိုင်နှုန်းကျော်က အသက် ၁၄ နှစ်နဲ့ ၁၄နှစ်အောက် ကလေးတွေပါ။
မြန်မာနိုင်ငံမှာ ကလေးလုပ်သားဦးရေ ၁၂သိန်းလောက်ရှိပြီး အဲဒီအထဲကမှ အသက် ၁၈ နှစ် အောက် ကလေးလုပ်သား ၆ သိန်းလောက်က အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ ကလေးလုပ်သားအစီရင်ခံစာအရသိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ် (၁၄နှစ်အရွယ်) ပြဋ္ဌာန်းချက်အမှတ်-၁၃၈ ကို လိုက်နာဆောင်ရွက်ပါ့မယ်လို့ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က အတည်ပြုထားပါတယ်။
ဇာခြည်