တောင်သာမြို့နယ်၌ ရွေးကောက်ပွဲပြန်ကျင်းပပေးရန် ဒေသခံ ၂၈ ဦး ဆန္ဒပြတောင်းဆို
DVB
·
November 18, 2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့မှာ ဒေသခံပြည်သူတချို့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မကျေနပ်လို့ နိုဝင်ဘာ ၁၈ ရက်မနက်မှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။
တောင်သာမြို့ အာဇာနည်ကုန်းမှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မြစ်အနောက်ဘက်ရွာတွေက ပြည်သူ ၂၈ ဦးပါဝင်ပြီး ရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲဦးဆောင်ကျင်းပသူ တောင်သာမြို့ အမှတ် ၆ ရပ်ကွက်နေ ဦးဝင်းဘိုက “ ၂၀၂၀ ရွေးကောက်ပွဲ မသမာမှုအတွက် ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ရှေးကောက်ပွဲ ပြန်လည်ကျင်းပရေး ဆန္ဒဖော်ထုတ်တာဖြစ်တယ်” လို့ ပြောပါတယ်။
ဆန္ဒဖော်ထုတ်ပွဲမှာ ရွေးကောက်ပွဲ မဲခိုးမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေး။ ရွေးကောက်ပွဲဥပဒေမှာမပါတဲ့ အသက် ၆၀ အထက် ကြိုတင်မဲယူခွင့်ပေးတဲ့ ကော်မရှင် အလိုမရှိ၊ တရားမျှတမှု မရှိသောရွေးကောက်ပွဲ အလိုမရှိ။ ရွေးကောက်ပွဲ မဲရလဒ်များအယုံအကြည်မရှိ စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ဆန္ဒဖော်ထုတ်ပွဲကို မနက် ၁၀ နာရီမှာ ရုပ်သိမ်းလိုက်ပါတယ်။
အခုလို ဆန္ဒထုတ်ဖော်ကန့်ကွက်မှုကို ဒီနေ့မှ သိရတာဖြစ်ပြီး မိမိတို့ ဆုံးဖြတ်ခွင့်မရှိတာကြောင့် ခရိုင် ကော်မရှင်သို့ ဆက်လက်တင်ပြသွားမယ်လို့ တောင်သာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်က ပြောပါတယ်။
တောင်သာနယ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အမှုအခင်း ၁၀ မှုအောက်ရှိတယ်လို့လည်း ပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ တောင်းဆိုချက်တွေဟာ ကြံ့ခိုင်ရေးပါတီရဲ့ တောင်းဆိုချက်တွေနဲ့ ပုံစံတူဖြစ်ပါတယ်။ တောင်သာမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ ဒီဆန္ဒပြပွဲကို ပါတီက ဦးဆောင်ကျင်းပတာမဟုတ်ဘူးလို့ ပြောပါတယ်။
ဇာဇာမောင်(CJ)