ကိုဗစ်လူနာသစ် ၁,၁၆၇ ဦးတွင် ရန်ကုန်က ၈၃၉ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ ၃၀၈ ဦးပါဝင်
DVB
·
November 17, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၆၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၈၃၉ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ တာမွေ ၇၅ ယောက်၊ မြောက်ဉက္ကလာပ အယောက် ၇၀၊ စမ်းချောင်း ၅၄ ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၂ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၂ ခုမှာ ၉၆ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၃ ခုမှာ ၆၂ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၄၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၉ ခုမှာ ၃၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၂၅ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၂၀ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၁၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၁၂ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၄ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၄ ယောက်၊ နေပြည်တော်မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၀၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၆ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၇၀,၁၆၁ ယောက်၊ သေဆုံးသူ ၁,၅၉၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၃,၂၂၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၈ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။