ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ၄၂ နေရာ အနိုင်ရနေ
DVB
·
November 13, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေနဲ့ အတည်ပြုကြေညာပြီးသလောက် မဲရလဒ်တွေအရ အမျိုးသားလွှတ်တော်မှာ ၂ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၂၇ နေရာ နဲ့ စုစုပေါင်း ၄၂ နေရာအနိုင်ရရှိထားတယ်လို့ SNLD ပါတီက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူဆယ်၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ တို့မှာ ပြည်သူလွှတ်တော် ၇ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၁၀ နေရာအနိုင်ရထားပြီး၊ တောင်ပိုင်းက လဲချား၊ မိုင်းရှူး၊ ကျေးသီး၊ ကွန်ဟိန်း၊ လင်းခေး၊ မိုးနဲတို့မှာ ပြည်သူ့လွှတ်တော် ၆ နေရာနဲ့ ပြည်နယ်လွှတ်တော်နေရာ ၁၅ နေရာ အနိုင်ရရှိခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကတော့ ရှမ်းပြည်နယ် အမှတ် ၆ မဲဆန္ဒနယ် လားရှိုးခရိုင်နဲ့ အမှတ် ၇ မဲဆန္ဒနယ် လွိုင်လင်၊ လင်းခေးခရိုင်မှာ ၂ နေရာရရှိထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာတော့ ပြည်သူ့လွှတ်တော်နေရာမှာ လက်ရှိ SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ၁၀,၀၉၆ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒေါ်နန်းခမ်းအေးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်းအနိုင်ရခဲ့ပြီး လွှတ်တော်သက်တမ်း သုံးကြိမ်မြောက်ရွေးချယ်ခံရခြင်းဖြစ်ပါတယ်။
နမ္မတူမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာမှာ ၄၈၅၉ မဲ ရရှိတဲ့ ဦးဝင်းလှိုင်က အနိုင်ရပြီး နမ္မတူမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာမှာ SNLD က စိုင်းကျော်ညွှန့်က ၇၇၄၂ မဲရပြီး အနိုင်ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဒေါ်နန်းထွေးမှုံနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှာ ဦးစိုင်းကျော်သိန်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)က ဦးနော်တောင် တို့ အသီးသီး ရရှိပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီဟာ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်ရှိ ၄၅ မြို့နယ်ထဲက ၁၂၈ နေရာမှာ ဝင်ပြိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း SNLD ပါတီက ရှမ်းပြည်နယ် လွှတ်တော်မှာ ၂၄ နေရာနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၁၃ နေရာ စုစုပေါင်း ၃၇ နေရာအနိုင်ရခဲ့ပါတယ်။
နန်းစံပယ်/ Pra Jaw