Home
မြန်မာသတင်း
ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်းပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့များကို NRPC ကျေးဇူးတင်
DVB
·
November 12, 2020
Nrpc
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ဖြစ်ပြီး အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကျေးဇူးတင်တဲ့အကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ကြေညာပါတယ်။  နိုဝင်ဘာလ ၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်စွာကျင်းပခဲ့ရာမှာ တိုင်းရင်းသားပြည်သူတွေ ဘေးကင်းလုံခြုံအေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း  အပြုသဘော ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေမရှိလို့ ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ နယ်မြေဒေသရှိ ပြည်သူတွေ အားလုံးအတွက်လည်း အထူးပင်စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီနယ်မြေဒေသတွေမှာ တည်ငြိမ်အေးချမ်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပ နိုင်တဲ့ အခြေအနေရောက်ရှိအောင် သက်ဆိုင်တဲ့ လူဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံး  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့လည်း အထူးမေတ္တာရပ်ခံထားပါတယ်။ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးညှိနှိုင်းဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024