ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲဂုဏ်ပြုစကား(ရုပ်သံ)
DVB
·
November 9, 2020
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက ဂုဏ်ပြုစကားထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ပါတီစုံဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေ ပုံမှန် ကျင်းပနိုင်ရေး၊ လွတ်လပ်သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ပေါ်ရေးနဲ့ ရွေးကောက် ပွဲရလဒ်ကို လေးစားအကောင်အထည်ဖော်ရေးတို့က အလွန်အရေးကြီးတဲ့ အခြေခံတွေ ဖြစ်ကြောင်း ဦးစွာဖော်ပြထားပါတယ်။
နောက်ထပ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေအောက်မှာ တက်ကြွစွာ မဲပေး ဆန္ဒပြုခဲ့ကြတဲ့ ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေအားလုံးအတွက် ပြည်သူ့ပါတီအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြထားတာပါ။
ရွေးကောက်ပွဲကာလမှာ ယှဉ်ပြိုင်မှုတွေ ရှိခဲ့ကြပေမယ့် ရွေးကောက်ပွဲအလွန် နိုင်ငံ တော်ပြန်လည်စုစည်းနိုင်ရေးအတွက်လည်း ဦးစားပေးဆောင်ရွက်ကြရမှာဖြစ်ကာ ပြည် သူ့ပါတီအနေနဲ့လည်း အစိုးရနဲ့ လွှတ်တော်အတွက် လိုအပ်တဲ့ လေ့လာသုံးသပ်မှုတွေ၊ အကြံပြုမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် နိုင်ငံတော်အတွက် အကျိုးဖြစ် ထွန်းစေမယ့် ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဦးကိုကိုကြီးအပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီဟာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးမှာ နေရာပေါင်း ၁၄၃ နေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ တောင်ဥက္ကလာပမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။