ကွမ်းခြံကုန်းတွင် လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီ အနိုင်ရ
DVB
·
November 9, 2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ကွမ်းခြံကုန်းမြို့နယ်မှာ မဲရုံပေါင်း ၁၈၀ ရုံအနက် ၁၇၇ ရုံမှာ အနိုင်ရရှိခဲ့ပေမယ့် ကြခတ်ကျေးရွာ၊ အင်္ဂပူကျေးရွာနဲ့ တော်ကေးကျေးရွာက မဲရုံ ၃ ရုံမှာတော့ ရှုံးနိမ့်ခဲ့တယ်လို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောပါတယ်။
တစ်မြို့နယ်လုံးအနေနဲ့ ၉၈ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့တာပါ။ ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲကတည်းက ရှုံးနိမ့်ခဲ့တဲ့ ကန့်မလာကျေးရွာမဲရုံမှာလည်း အနိုင်ရရှိခဲ့ပါတယ်။
ကျေးရွာအလိုက် မဲရလဒ်တွေကို မဲရေတွက်ပြီးချိန်ကစလို့ မြို့နယ်ပါတီရုံးရှေ့ ပရိုဂျက်တာနဲ့ ပြသခဲ့ပြီး လူအများအပြား လာရောက်စောင့်ကြည့်ခဲ့ပါတယ်။
မြို့နယ်ရဲ့ မဲရလဒ်အသေးစိတ်ကိုတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ကိုယ်စားလှယ်လောင်းတွေ အတည်ပြုလက်မှတ်ထိုးပြီးမှ ထုတ်ပြန်မယ်လို့ သိရပါတယ်။
သတင်း - လွင်မိုးအောင်