တနိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၁၉ ခုထိ ရှိလာ
DVB
·
November 9, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ထောင်ချီကူးစက်ခံရတဲ့ မြို့နယ်ပေါင်း ၁၉ မြို့နယ်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၁၈ မြို့နယ် ပါဝင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်က တမြို့နယ် ပါဝင်နေတာပါ။
မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေကတော့ ပိုးတွေ့လူနာဦးရေ ၃,၃၁၆ ယောက်၊ ၃,၁၀၁ ယောက်စီနဲ့ ကူးစက်မှုအများဆုံး မြို့နယ်တွေ ဖြစ်ပါတယ်။
ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ် ကြတဲ့ လှိုင်သာယာ၊ သင်္ဃန်းကျွန်းနဲ့ အင်းစိန်မြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၈၄၂ ယောက်၊ ၂,၆၇၂ ယောက်၊ ၂,၅၅၃ ယောက်စီနဲ့ ကူးစက်ခံထားရတာပါ။
အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ မရမ်းကုန်း၊ လှိုင်၊ ရွှေပြည်သာ၊ တာမွေ၊ သန်လျင်၊ တောင်ဉက္ကလာပ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သာကေတ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ ဒလမြို့နယ်တွေက အစဉ်လိုက် ၁၉ မြို့နယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၆၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၈ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၆၁,၃၇၇ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၄၂၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၄၅,၇၅၆ ယောက် ရှိနေပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေ အတွက် ၄၆,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ ၃,၀၀၀ ကျော် စီ ရှိနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်းသန်း ၅၀ ဒသမ ၆ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။