Homeမြန်မာသတင်း
ပခုက္ကူ မဲရုံအမှတ် (၁) တွင် မဲအစောင်ရေ ၃၀ ခန့် မဲရုံမှူး လက်မှတ်မပါသဖြင့် ကန့်ကွက်စာတင်
ပခုက္ကူ မဲရုံအမှတ် (၁) တွင် မဲအစောင်ရေ ၃၀ ခန့် မဲရုံမှူး လက်မှတ်မပါသဖြင့် ကန့်ကွက်စာတင်
DVB
·
November 8, 2020
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အမှတ် (၁) ရပ်ကွက် မဲရုံ အမှတ် (၁) မှာ မဲအစောင်ရေ ၃၀ လောက်အထိ မဲရုံမှူးရဲ့ လက်မှတ်မပါတာကြောင့် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာ တင်ထားတယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ မဲရုံကိုယ်စားလှယ် ဦးသန်းထွန်းက “မနက် ၈ နာရီခွဲသာသာလောက်က ဖြစ်သွားတာပါ။ ကျနော်တို့ မဲရုံအလယ်ခေါင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ မဲလက်မှတ်ပေးတဲ့ တာဝန်ကျ ၀န်ထမ်းကနေပြီးတော့ လက်မှတ်မပါဘူးဆိုတဲ့ အသံကြားလိုက်ပါတယ်။ ရေတွက်လိုက်တဲ့အခါမှာတော့ အစောင် ၃၀ လောက် ရှိမယ်လို့ ပြောပါတယ်။ နာရီဝက်လောက်ရှိတော့ ကျမ မဲပေးတုန်းက အဲ့လိုမျိုးလေး လက်မှတ်မပါတာ တွေ့လို့ပါဆိုပြီးတော့ ဘယ်လိုဖြစ်တာလဲမေးတာလည်း ကျနော်တို့ကြားတယ်”လို့ ပြောပါတယ်။
ဒီမဲတွေထဲမှာ ပါတီ ဘယ်နှခုကို မဲပေးထားတယ်ဆိုတာကတော့ မဲရေတွက်တဲ့အချိန်မှပဲ သိရမှာဖြစ်ပြီး မဲလက်မှတ် ၃၀ လောက် ဖြစ်နေတာကြောင့် ပါတီတွေအတွက် များစွာနစ်နာမှုရှိတယ်လို့ ဆိုပါတယ်။
လက်မှတ်မပါတဲ့ မဲက အရေအတွက်များတဲ့အတွက် အခုလို လွဲချော်မှုအပေါ်မှာ သံသယ ၀င်မိပြီး အရေးယူဖို့အပိုင်းကိုတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။
“ကျနော့်အထင်ကတော့ ဒီလောက်ကြီး များတာကိုက တစ်မဲ နှစ်မဲလောက်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး၊ ချော်သွားလို့၊ အဲဒီလောက်ကြီးများတာကတော့ သံသယတော့ ၀င်မိပါတယ်။ အရေးယူတဲ့အပိုင်းမှာတော့ ကော်မရှင်နဲ့ ညှိနှိုင်းပြီး သတ်မှတ်ပြီးတော့မှပဲ ကျနော်တို့က ဆုံးဖြတ်ပိုင်ခွင့်တော့ မရှိပါဘူး။ ကျနော့်အနေနဲ့ ကန့်ကွက်ရမှာဖြစ်တာကြောင့် ကန့်ကွက်စာတင်ထားပြီး ဖြစ်ပါတယ်” လို့ ဦးသန်းထွန်းက ပြောပါတယ်။
ဒီလက်မှတ်မပါတဲ့ မဲတွေကို ပယ်မဲအဖြစ် သတ်မှတ်မယ်လို့လည်း မဲရုံမှူးက ပြောတယ်လို့ ဆိုပါတယ်။
သတင်း - ခင်ပြည့်စုံ၀င်း