ကျောက်ဆည်တွင် ငွေကျပ် ၁.၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
DVB
·
November 7, 2020
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ နိုဝင်ဘာ ၆ ရက်နေ့က ငွေကျပ် ၁.၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအနီး၊ ရွာငံ-ဟန်မြင့်မိုရ် ကားလမ်းမှာ သန်းဇော် မောင်းနှင်ပြီး မနန်းဇင်မာထွန်း လိုက်ပါလာတဲ့ FIELDER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။
ယာဉ်နောက်ခန်းအတွင်း စိတ်ကြွရူးသွပ် ဆေးပြား ၁,၀၀၀,၀၀၀ ပြား၊ မြန်မာငွေ ၁၅၀,၀၀၀ ကျပ်တို့အားသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီ အချိန်လောက် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားတွေ လက်ခံရယူမယ့် ဇော်ဝင်း(ခ) ကိုရဲ (ခ) အကိုကြီး (ခ) ပီအိုက်လုံ မောင်းနှင်လာပြီး စိုင်းဇော်မင်းဦး(ခ)ကိုစိုင်း လိုက်ပါလာတဲ့ CROWN အမျိုးအစားမော်တော်ယာဉ်ကို ရန်ကုန်မြို့အဝင်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၀/၀) အနီးမှာ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစဉ် စိုင်းဇော်မင်းဦး(ခ)ကိုစိုင်းအား ဖမ်းဆီးရမိခဲ့ပါတယ်။
ဇော်ဝင်း(ခ) ကိုရဲ(ခ)အကိုကြီး(ခ)ပီအိုက်လုံကတော့ လှည်းကူးမြို့နယ်၊ ဖခမဲကျေးရွာအုပ်စု၊ ဖရုံစုကျေးရွာအနီးမှာ မော်တော်ယာဉ်အား ရပ်တန့်ထားရှိပြီး တိမ်းရှောင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
သန်းဇော် (၄၂)နှစ်၊ မနန်းဇင်မာထွန်း (၂၂) နှစ်၊ စိုင်းဇော်မင်းဦး(ခ)ကိုစိုင်း(၃၈)နှစ်တို့အား မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။