လွိုင်ကော်တွင် ဒုတိယမြောက် ကိုဗစ်-၁၉ လူနာ ဆေးရုံဆင်းခွင့်ရ
နော်နိုရင်း
·
November 7, 2020
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာထဲက ၁ ဦး ကိုဗစ်-၁၉ ကင်းစင်သွားလို့ ဒီကနေ့ ဆေးရုံဆင်းခွင့်ပြုလိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကိုဗစ်-၁၉ လူနာ ၇ ဦးထဲက ဒီကနေ့ ၁ ဦးဆင်းခွင့်ရလို့ ဆေးရုံမှာ လက်ရှိ ၆ ဦးကျန်ရှိနေတယ်လို့ လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်ကပြောပါတယ်။
“ဒါ ဒုတိယမြောက်ဆင်းတဲ့ လူနာပေါ့။ ပထမကတော့ အိသူဇာဖြိုး၊ အခုက စုစုထွန်းပေါ့။ အစ်မတို့ဒီမှာကျတော့ ၆ ယောက်ကျန်ခဲ့ပါတယ်။ မိန်းကလေး ၁ ယောက်နဲ့ ယောက်ျားလေး ၅ ယောက်ပါ။ သူတို့ရဲ့ကျန်းမာရေးအခြေအနေက စပြီးတော့ confirm case အဖြစ်နဲ့သတ်မှတ်ပြီး အစ်မတို့ ဆေးရုံမှာလက်ခံထားကတည်းက ကျန်းမာရေးအခြေအနေက ကောင်းမွန်ပါတယ်။ သူတို့က အဆုတ်လက္ခဏာတွေရော၊ ဖျားတာရော၊ နှာစေးချောင်းဆိုးတာ၊ အနံ့မရတာ အဲလိုမျိုးလက္ခဏာတွေ သူတို့ဆီမှာ မရှိပါဘူး။”
ဒီနေ့ဆင်းခွင့်ရတဲ့လူနာဟာ ဆေးရုံမှာ ဆေးကုသမှု ၂ ပတ်ခံယူခဲ့ရပြီး Swab ၃ ကြိမ်မြောက်စစ်ဆေးတဲ့အခါ Negative ပြန်ဖြစ်သွားလို့ ဆင်းခွင့်ပေးလိုက်တာဖြစ်ပါတယ်။
လွိုင်ကော်ပြည်သူ့ဆေးရုံမှာ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ကိုဗစ်-၁၉ လူနာ ၁ ဦး ဆင်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆေးရုံဆင်းခွင့်ရတဲ့လူနာတွေကို အတတ်နိုင်ဆုံး အပြင်မသွားဘဲ အိမ်မှာသာနေဖို့နဲ့ လက်ရှိ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို အိမ်တိုင်ရာရောက် ကောက်ပေးဖို့ စီစဉ်ထားတယ်လို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။
“ဆေးရုံတက်တဲ့ ဒီမှာဆိုရင် ဒီတယောက်ပေါ့၊ နေတာ ဒေါဥခု (ရပ်ကွက်) ဆေးရုံတော့ပါတယ်။ ဒါပေမဲ့ လောဓမမှာ မဲစာရင်းလည်းပါတယ်၊ ဆိုတော့ အိမ်တိုင်ရာရောက်သွားပြီး ကျန်းမာရေးနဲ့ညှိပြီး ကျန်းမာရေးနဲ့အညီ မဲပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။”
ဒါ့အပြင် ပိုးတွေ့တဲ့လူနာထဲက လွိုင်ကော်မြို့က တယောက်ကိုတော့ မဲပေးနိုင်အောင် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရန်ကုန်ကလာတဲ့ လူနာတွေကတော့ အခုချိန်မှာ မဲပေးလို့ မရတော့ဘူးလို့လည်း ပြောပါတယ်။
ကယားပြည်နယ်အတွင်းက ကွာရန်တင်းစင်တာမှာ ဝင်ရောက်နေရတဲ့သူတွေလည်း ကြိုတင်မဲစနစ်နဲ့ မဲပေနိုင်အောင် လုပ်ဆောင်ထားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ အားလုံးပေးပြီးသွားပြီလို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“မနေ့ကတော့ ရပ်ကျေးကော်မရှင်အဖွဲ့တွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေပါ ဦးဆောင်ပြီး ကျနော်တို့ မဲလည်းပေးပြီးပါပြီ။ အဲဒီထဲမှာ တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်းမပါတဲ့လူကတော့ မဲမပေးနိုင်တဲ့ဟာလေးတော့ ရှိတယ်။ ”
နိုဝင်ဘာ ၆ ရက်နေ့အထိ ကယားပြည်နယ် ၇ မြို့နယ်လုံးက ကွာရန်တင်းစင်တာတွေမှာ လူပေါင်း ၃၈၄ ဦးရှိပြီး လွိုင်ကော်မြို့မှာ ၄၄ ဦးရှိပါတယ်။ လွိုင်ကော်ကွာရန်တင်းစင်တာတွေက လူပေါင်း ၂၀ ကျော်ခန့် ကြိုတင်မဲပေးထားပြီး ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီထဲက ၂ ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။