ရေစကြိုမြို့နယ်၌ မိုးသက်လေပြင်းကြောင့် လူနေအိမ်များ အမိုးလန်၊ သစ်ပင်ကြီးများလဲကျ
DVB
·
November 5, 2020
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၄ ရက် ညနေက မိုးသက်လေပြင်းကျရောက်တာကြောင့် သစ်ပင်ကြီးတွေပြိုလဲတာ၊ လူနေအိမ်တွေ သစ်ပင်ပိတနဲ့ လူနေအိမ်တချို့ အမိုးလန်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ရေစကြိုမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မိုးသက်လေပြင်းကျရောက်တာကြောင့် ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာမှာ လူနေအိမ် ၁ လုံး မန်ကျည်းပင်ပိလို့ ပျက်စီးသွားပြီး၊ ပခုက္ကူ-မန္တလေးကားလမ်းမပေါ်မှာရှိတဲ့ မြေဖြူကျေးရွာနံဘေး ကားလမ်းမပေါ်နဲ့ ရေစကြိုမြို့ဝင်လမ်းထိပ်မှာ သစ်ပင်းကြီးတွေလဲကျလို့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးညီညီအောင်က "မိုးသက်လေပြင်းကျတယ်။ ကျတဲ့အခါကျတော့ မြေဖြူမုံညှင်းကျေးရွာအုပ်စု မြေဖြူကျေးရွာ မှာ လူနေအိမ် ၁ လုံးမန်ကျည်းပင်ပိတယ်။ ပခုက္ကူ-မန္တလေးကားလမ်းမကြီး မြေဖြူရွာအနီးမှာက လုံးပတ် ၆ ပေအမြင့်ပေ ၆၀ ကျော်ရှိတဲ့ ထနှောင်းပင်တစ်ပင်ရယ်၊ လုံးပတ်က ၄ ပေကျော်ရှိတဲ့အမြင့်ပေ ၄၀ ကျော်ရှိတဲ့ ထနှောင်းပင်တစ်ပင်ရယ် ထနှောင်းပင် ၂ ပင် ၂နေရာ လဲတယ်။ လဲပြီးတော့ လမ်းပိတ်ဆို့မှုဖြစ်တယ်။ အချိန် ၂ နာရီခွဲလောက်တော့ ကြာသွားမယ်။ ဦးတို့သွားရှင်းပေးတယ်၊ အိမ်သစ်ပင်ပိတာတွေလည်း ရှင်းပေးတယ်။ ရေစကြိုမြို့ဝင်လမ်းမမှာ သစ်ပင်တစ်ပင်လဲတယ်၊ ဦးတို့ ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်''လို့ ပြောပါတယ်။
မိုးသက်လေပြင်းကျရောက်တာကြောင့် မြေဖြူကျေးရွာမှာ လူနေ အိမ် ၆ လုံး၊ မြေစွန်းတော်ကျေးရွာအုပ်စု မြေစွန်းတော်မှာ လူနေအိမ် ၆၀ ကျော်၊ မြေစွန်းတော်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှာ လူနေအိမ် ၄၀ ကျော် နေအိမ် အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် မြေစွန်းတော်ကျေးရွာအုပ်စု ရွှေလှန်ကျေးရွာမှလည်း လူနေအိမ်အမိုးလန်တာတွေ ရှိခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို စာရင်းကောက်နေဆဲ ဖြစ်တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
သတင်း - အိဝါမောင်၊ ဓာတ်ပုံ - မြို့နယ်မီးသတ်ဦးစီးမှူး