Homeမြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်၌ တောင်ကျရေကြောင့် ရေတံခွန်တောင်ကားလမ်းနှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီး
ပုသိမ်ကြီးမြို့နယ်၌ တောင်ကျရေကြောင့် ရေတံခွန်တောင်ကားလမ်းနှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီး
DVB
·
November 5, 2020
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက မိုးသည်းပြီး တောင်ကျရေကြောင့် ရေတံခွန်တောင်ကားလမ်းနဲ့ ဘုန်းကြီးကျောင်းတချို့ ပျက်စီးခဲ့ပါတယ်။
ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာအကျော်မှ ရေတံခွန်တောင်ထိပ်ထိ ရေကျော်ခဲ့တဲ့အတွက် ဒေသခံတွေ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ့ခဲ့ရပါတယ်။ လတ်တလော ရေတံခွန်တောင်ခြေထိ ဆိုင်ကယ်နဲ့တွန်းပြီး ဖြတ်သန်းသွားလာနိုင်ပြီး တောင်ထိပ်ထိ လူသွားစင်္ကြံလမ်းကသာ လမ်းလျှောက်တက်နိုင်မှာ ဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ကိုတင်ထွန်းအောင်က "တောင်တက်ကားလမ်းတလျှောက် တော်တော်လေး ပျက်စီး နေတယ်၊ လမ်းတလျှောက်က ဘုရားတွေ၊ ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးနေပါတယ်။ နှစ်စဉ် မိုးများရင် တောင်ကျရေကြောင့် အတက်လမ်းနေရာတချို့ ပျက်စီးတာ ဖြစ်တတ်ပေမယ့် အခုတခါက တော်တော်လေးကို ဆိုးပါတယ်။ အခုက တောင်တက်ကားလမ်းက နေရာ တော်တော်တော်များများ လမ်းပိတ် သွားအောင် ရေကျော်ခဲ့တာပါ " လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မိုးရာသီတုန်းကလည်း တောင်ကျရေကြောင့် နေရာတချို့မှာ မြေပြိုတာတွေ ဖြစ်ခဲ့ပြီး ရေတံခွန်တောင်ခြေရှိ ဆရာတော်က မြေပုံဖယ်ရှားဖို့စက်ကို တစ်နာရီ ကျပ် ၃၀၀၀၀ နဲ့ မြေပုံတွေကို ဖယ်ရှားခဲ့ရပါတယ်။
အခုလို နေရာအများအပြားမှာ မြေပြိုကျခဲ့ရင်တော့ ဖယ်ရှားနိုင်ဖို့ အခက်အခဲရှိတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
လတ်တလော ရေတံခွန်တောင်ရှိ လမ်းပျက်စီးတဲ့ နေရာတွေကို နယ်မြေခံ မီးသတ်စခန်းက လာရောက်ကြည့်ရှု ကူညီပေးခဲ့ပါတယ်။
သတင်း - သော်တာ၊ ဓာတ်ပုံ - ကိုတင်ထွန်းအောင်