Homeမြန်မာသတင်း
ကြံ့ခိုင်ရေးပါတီဝင်အချို့ကို သတင်းမီဒီယာကတ်ထုတ်ပေးထားသည့်ကိစ္စပြန်ရုပ်သိမ်းရန် တောင်းဆို
ကြံ့ခိုင်ရေးပါတီဝင်အချို့ကို သတင်းမီဒီယာကတ်ထုတ်ပေးထားသည့်ကိစ္စပြန်ရုပ်သိမ်းရန် တောင်းဆို
DVB
·
November 4, 2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တချို့ကို သတင်းမီဒီယာကတ်တွေ ထုတ်ပေးထားတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ မြို့နယ် အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုလိုက်ပါတယ်။
ချောက်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင်တချို့ကို ပြည်ထောင်စုနေ့စဉ် သတင်းစာရဲ့ သတင်းထောက်တွေအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပေးထားတဲ့ မီဒီယာ သက်သေခံကတ်ပြားတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ချောက်မြို့နယ်အန်အယ်လ်ဒီက နိုဝင်ဘာ ၃ ရက်မှာ တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကတော့ ပြန်ရုပ်သိမ်းပေးခြင်းမရှိဘဲ ရွေးကောက်ပွဲနေ့ တစ်ရက်ထဲအတွက်သာ သတင်းမီဒီယာကတ်ပြားကို ထုတ်ပေးတာလို့ အကြောင်းပြန်ခဲ့ကြောင်း ချောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကျော်က ပြောပါတယ်။
"လတ်တလော ဒီရက်တွေအတွင်းမှာ သူတို့ မကြည့်ရတော့ဘူးဆိုတဲ့အတွက် အဲဒါကိုတော့ ကျနော်လက်ခံနိုင်တယ်။ ဒီရက်တွေအတွင်းမှာ ကြည့်ရှုခွင့် ပေးမထားဘူးလေ။ ကျနော့် အနေနဲ့ စောဒကတော့ ထပ်တတ်ရမှာကတော့ ဒီသတင်းစာတိုက်က သူတို့ရဲ့ သတင်းစာတိုက် ethic ကျင့်ဝတ်နဲ့မညီတဲ့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရန်ကုန်မြို့ကို တိုင်ကြားမှာပါ" ဒေါက်တာမောင်မောင်ကျော်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ချောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၁ ရက်မှာ တိုင်း၊ ခရိုင်၊ မြို့နယ် ထွေထွေရွေးကောက်ပွဲကော်ရှင်ထံ တင်ပြတိုင်ကြားထားသလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ မကွေးတိုင်းသတင်းစာဆရာများအသင်းတို့ကိုလည်း အကြောင်းကြား ထားတယ်လို့ သိရပါတယ်။
အသက် ၆၀ နှစ်နဲ့ အထက် ကြိုတင်မဲပေးကာလမှာ သတင်းထောက်ကတ်ကို အသုံးပြုပြီး ချောက်မြို့ အမှတ် ၁ နဲ့ အမှတ်၂ နယ်မြေက ကြိုတင်မဲရုံတွေမှာ ဝင်ရောက်ဖို့ကြိုးစားခဲ့တာလို့ ဒေါက်တာမောင်မောင်ကျော်က ပြောပါတယ်။
ရွေးကောက်ပွဲ သတင်းယူလိုတဲ့ မီဒီယာသမားတွေအနေနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေမှာ သတင်းယူခွင့် လျှောက်ထားရတာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ နေ့ တရက်တည်းအတွက်သာ သတင်းယူခွင့်ပြုထားတာဖြစ်ပါတယ်။
သတင်း- ကိုလင်း(ချောက်)