ရမ်းဗြဲမြို့ ပါတီဆိုင်းဘုတ်ထောင်ထားသည့် နေအိမ်တွင် ကြိုတင်မဲကောက်ခံသဖြင့် ကန့်ကွက်
DVB
·
November 1, 2020
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အောက်တိုဘာ ၃၀ ရက်နေ့က ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်ထောင်ထားတဲ့နေအိမ်မှာ ကြိုတင်ဆန္ဒမဲ ကောက်ယူခဲ့တာကြောင့် မဲသမာမှုတွေရှိနိုင်တယ်ဆိုပြီး ကိုယ်စားလှယ်လောင်းတွေက ကော်မရှင်ထံ ကန့်ကွက်ခဲ့ကြတာကြောင့် ယာယီဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။
ရမ်းဗြဲ NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီက “မဲရုံကိုယ်စားလှယ်လောင်းတွေက အကြောင်းကြားလာကြတယ်၊ အဲဒါကြောင့် ကိုယ်စားလှယ်လောင်းတွေက မြို့နယ်ကော်မရှင်ကိုသွားပြီးတော့ အသိပေးလိုက်တော့ ညနေမှာပဲ မဲ ၂၉ မဲ ပေးပြီးပြီးချင်း အားလုံးရပ်နားထားလိုက်တယ်၊ ပြီးရင်ဒီနေ့ မြို့နယ်ကော်မရှင်ရယ်၊ ရပ်ကျေးကော်မရှင်ရယ်၊ ပါတီပေါင်းစုံညှိနှိုင်းရေးကော်မတီတွေရယ် အားလုံးညှိနှိုင်းလိုက်ကြတာပေါ့။ ညှိနှိုင်းတာကတော့ ကြိုတင်မဲကောက်တာက ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တင်ထားတဲ့နေအိမ်မှာ ကောက်တာဆိုတော့ ပါတီတစ်ခုရဲ့ အငွေ့အသက် မကင်းဖြစ်တဲ့အတွက်ကြောင့် အဲဒီမဲ ၂၉ ကို အားလုံးသဘောတူညီချက်နဲ့ cancel လုပ်လိုက်တယ်၊ ပြီးရင် သူတို့အသစ်ပြန်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိတဲ့နေရာ မှန်မှန်ကန်ကန်ရှိတဲ့နေရာတခုမှာ ထပ်ပြီးတော့ ကြိုတင်မဲကောက်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်” လို့ ပြောပါတယ်။
ရမ်းဗြဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံး ဥက္ကဋ္ဌ ဦးကျင်သောင်းက အိမ်ကတော့ မေးကြည့်တဲ့အခါမှာ "ပါတီဝင်မဟုတ်ဘူးလို့တော့ ပြောတာပဲ။ ဒါပေမဲ့ သူအိမ်မှာ ဆိုင်းဘုတ်နဲ့ဖြစ်နေတော့ တစ်ခြားပါတီဝင်တွေက နည်းနည်းတော့ မကြိုက်ကြဘူးပေါ့။ အဲဒါကြောင့် ဒီနေ့မှာပဲ ကျနော်တို့မှာက စေ့စပ်ညှိနှိုင်းရေးဆိုတာရှိတယ်။ ပြီးရင် ပါတီကိုယ်စားလှယ်တွေ အကုန်လုံးကိုခေါ်ပြီးတော့ သူတို့ရဲ့သဘောထားက ဘယ်လိုလဲဆိုပြီးမေးတော့ အခုထည့်ထားတဲ့မဲတွေကို cancel လုပ်ပြီးတော့ အသစ်ပြန်ထည့်ခိုင်း၊ လွတ်လပ်တဲ့ နေရာစာသင်ကျောင်းလိုပေါ့၊ အဲဒီလိုအားလုံးတူညီမှုနဲ့အတူ ဆုံးဖြတ်ချက်ချလိုက်တာပါ” လို့ ပြောပါတယ်။
ရမ်းဗြဲမြို့နယ်တစ်ခုလုံးမှာ မဲဆန္ဒရှင်စုစုပေါင်း ၈၀၀၀၀ ကျော်ရှိပြီး ကျောက်နီမော်ကျေးရွာမှာတော့ မဲဆန္ဒရှင်စုစုပေါင်း ၄၀၀၀ လောက်ရှိတယ်လို့ ရမ်းဗြဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရပါတယ်။
နောင်နောင်