Homeမြန်မာသတင်း
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်တွင် လင်းပိုင် ၁ ကောင်သေဆုံး၊ ဘတ္ထရီရှော့တိုက်မှုကြောင့်ဟု ယူဆ
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်တွင် လင်းပိုင် ၁ ကောင်သေဆုံး၊ ဘတ္ထရီရှော့တိုက်မှုကြောင့်ဟု ယူဆ
DVB
·
October 31, 2020
မင်းကွန်းကနေ ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဇုန် ၁အတွင်း တစ်နှစ်သားကျော်အရွယ် လင်းပိုင် အမတစ်ကောင်သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ပတ်၀န်းကျင်နှင့်မျိုးသုန်းရှားပါးရေနေသတ္တဝါများထိန်းသိမ်းရေးဌာနစု၊ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါ လင်းပိုင်ဟာ ခန့်မှန်းအသက် ၁ နှစ်ကျော်ခန့်ရှိကာ ခန္ဓာကိုယ်အလျား ၄ ပေ၊ ၅ လက်မ၊ ခန္ဓာကိုယ်လုံးပတ် ၂ ပေ၊ ၁၀ လက်မ၊ အမြီးရွက် ၂ ခုအစွန်းအကြား ၁ ပေ၊ ၂ လက်မ၊ ရှေ့ရေယက်အလျား ၉.၅ လက်မရှိပြီး သွားမပေါက်သေးဘူးလို့ သိရပါတယ်။
ပတ်၀န်းကျင်နှင့်မျိုးတုံးရှားပါးရေနေသတ္တဝါများထိန်းသိမ်းရေးဌာနစု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မန်းက "ရေလုပ်သားတွေပြောပြချက်နဲ့ ခု လင်းပိုင်သေဆုံးတဲ့အခြေအနေတွေပေါ်မှာ ကြည့်ပြီးတော့ ကျနော်တို့ ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးမှုကြောင့် ထိခိုက်သေဆုံးတယ်လို့ ယူဆတာပေါ့နော်" လို့ ပြောပါတယ်။
လင်းပိုင်သေကို အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနဲ့ ရွာသစ်ကျေးရွာကြားက တောင်ခြေရင်းမှာ အမှတ်အသားပြုလုပ်ကာ မြေမြှုပ်လိုက်ပြီလို့ သိရပါတယ်။
ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးမှု ပပျောက်စေဖို့အတွက် တစ်နှစ်စီမံချက်ရေးဆွဲ လုပ်ဆောင်နေပြီး စီမံကိန်းကာလ ပထမနှစ်လအတွင်းမှာ လင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၁ အတွင်း ရှော့တိုက်ငါးဖမ်းသူ ၄ ဦးကို ဖမ်းဆီးရမိကာ တရားစွဲဆိုပြီး ထောင်ဒဏ် ၁ နှစ်စီ အပြစ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစီမံချက်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၁ခုနှစ် ဩဂုတ်လကုန်အထိ ရေကြောင်းရဲတပ်ဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ WCS နဲ့ ရေလုပ်သားတွေပါဝင်တဲ့ ထိန်းသိမ်းရေးအဖွဲ့တွေ ပူးပေါင်းကာ တစ်နှစ်ကြာ လုပ်ဆောင်မယ်လို့ သိရပါတယ်။
ဒုတိယဦးစီးမှူး ဦးဇော်မန်းက "ကျနော်တို့ ကိုးလပိုင်းကစတာ၊ နှစ်လပြည့်သွားပြီ။ နှစ်လပြည့်တဲ့ထဲမှာ ဘတ္ထရီရှော့တိုက် ငါးဖမ်းလှေကလည်း ၁၁ စီးပေါ့နော်၊ ၁၁ စီးဖမ်းဆီးရမိတယ်။ တရားခံလေးယောက်ကို တရားစွဲဆို ထောင်နှစ်နှစ်ဆီ ချမှတ်နိုင်ခဲ့တယ်ပေါ့" လို့ ပြောပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ဇန်နဝါရီလကနေ ဒီနေ့အချိန်အထိ လင်းပိုင် ၈ ကောင် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းတွေကတော့ အသက်အရွယ်ကြီးရင့်လို့ သေဆုံးတာ၊ ပိုက်နဲ့ငြိတာကြောင့် သေဆုံးတာ၊ ဘတ္ထရီရှော့တိုက်ငါးဖမ်းမှုတွေကြောင့် သေဆုံးတာတွေ ဖြစ်ပါတယ်။
ထိန်ထိန်လင်း