Homeမြန်မာသတင်း
ဆေးရုံကြီးနှစ်ခုတွင် ကျောက်ကပ်ရောဂါအခံရှိ ကိုဗစ်လူနာများကို ကျောက်ကပ်သွေးသန့်စင် ကုသပေးနေ
ဆေးရုံကြီးနှစ်ခုတွင် ကျောက်ကပ်ရောဂါအခံရှိ ကိုဗစ်လူနာများကို ကျောက်ကပ်သွေးသန့်စင် ကုသပေးနေ
DVB
·
October 31, 2020
ကျောက်ကပ်ရောဂါအခံရှိတဲ့ ကိုဗစ်ကူးစက်ခံလူနာတွေအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း (Hemodialysis) လုပ်ဆောင်ပေးနိုင်ဖို့ ရန်ကုန်တိုင်းထဲက ဆေးရုံကြီး နှစ်ခုမှာ ကျောက်ကပ်သွေးသန့်စင်စက်တွေ တပ်ဆင်ထားပြီး ဆေးကုသမှု ပေးနေပါတယ်။
ကိုဗစ်ကူးစက်ခံရတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေမှာ ပုံမှန်ကျောက်ကပ်ဆေးကြောမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီး အခြားဆေးရုံတွေကို ပို့ဆောင်ပေးဖို့ မဖြစ်နိုင်တာကြောင့် ဒီကျောက်ကပ်ဝေဒနာရှင်လူနာတွေအတွက် ကိုဗစ်ကုသပေးနေတဲ့ ဆေးရုံတွေမှာ ကျောက်ကပ်သွေးသန့်စင်နိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ကျောက်ကပ်ဝေဒနာရှင်လူနာတွေဟာ ကျောက်ကပ်သန့်စင်ကိရိယာကို အသုံးပြုပါက တစ်ပတ်ကို နှစ်ရက် ဒါမှမဟုတ် သုံးရက်နေမှ ဆေးကြောရတာပါ။
လက်ရှိတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက်တွေကို တပ်ဆင်ပေးထားပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးကနေ စီစဉ်ဆောင်ရွက်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကူးစက်လူနာတွေအတွက် အထူးကြပ်မတ်ဆောင် (ICU) အသစ်မှာ ကျောက်ကပ်သွေးသန့်စင်စက် လေးလုံးကို အောက်တိုဘာ ၁၅ ရက်နေ့က စတင် တပ်ဆင်ထားပါတယ်။
အခုဆိုရင် ဆေးရုံကြီးမှာ ကိုဗစ်လူနာ ကျောက်ကပ်ဝေဒနာရှင် လူနာ ၅ ယောက်ကို ကျောက်ကပ်သွေးသန့်စင်တာတွေကို တစ်ပတ် နှစ်ကြိမ် လုပ်ဆောင်ပေးနေပြီး လက်ရှိတော့ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆီးနှင့်ကျောက်ကပ်ဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာခင်ခင်ဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်ကပ်အားနည်းသူနှုန်းမှာ နှစ်စဉ် လူဦးရေ ၁ သောင်လောက်ရှိနေပြီး ကျောက်ကပ်ပျက်စီးနှုန်းမှာ လူ ၁ သန်းမှာ ၂၀၀ လောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
နန့်ခိုင်