Home
မြန်မာသတင်း
နိုင်ငံရေးပါတီ ဝန်းရံသူများ စည်းကမ်းမလိုက်နာလျှင်  အရေးယူခံရမည်ဟု ကော်မရှင်ကြေညာ
DVB
·
October 30, 2020
00000000000000000
နိုင်ငံရေးပါတီဝန်းရံသူတွေအနေနဲ့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးကြေညာလိုက်ပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ဖို့  အလေးထားဆောင်ရွက်နေရာမှာ ပြည်သူတစ်ရပ်လုံးအနေနဲ့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ  လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း  အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်တဲ့ ကော်မရှင် ကြေညာချက်မှာ ဖော်ပြပါတယ်။ နိုင်ငံရေးပါတီဝန်းရံသူတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်တွေ၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ မော်တော်ယာဉ်၊ ရေယာဉ်၊ အနှေးယာဉ် မည်သည့်ယာဉ်အမျိုးအစား ဖြင့်ဖြစ်စေ လိုက်ပါဝန်းရံတဲ့အခါ Social Distancing မူတွေနဲ့ အညီ လူ ၅၀ ဦးထက်မပိုစေဘဲ လိုက်ပါဆောင်ရွက်ကြဖို့လည်း ကော်မရှင်က တိုက်တွန်းထားပါတယ်။ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာမှာ သတ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်တာ၊ Social Distancing စည်းကမ်း ကို လိုက်နာဖို့ လိုအပ်တာ၊ ဝန်းရံသူပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းခြင်း တာတွေ တွေ့ရလို့ ညွှန်ကြားချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ကြဖို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း  မေတ္တာရပ်ခံကြေညာထားခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (SOP) နှင့်အညီ နေရာအနေအထား၊ အကျယ်အဝန်းပေါ်မူတည်ပြီး တစ်ကြိမ်လျှင် လူ ၅၀ ဦးထက် မပိုစေဘဲ လူတစ်ဦးနဲ့တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီကွာ နေရာချထားဖို့ စက်တင်ဘာ ၆ ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မဲဆွယ်စည်းရုံးခွင့်ပြုထားတဲ့ ကာလအတွင်းမှာ နိုင်ငံရေးပါတီတွေကို အားပေးထောက်ခံဝန်းရံ အင်အားပြပွဲတွေ နိုင်ငံအနှံ့ မြို့တွေ နယ်တွေအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။ ပါတီ အင်အားပြပွဲတွေမှာ လူပေါင်း ထောင်သောင်းချီအထိပါဝင်တာ၊  နှာခေါင်းစည်း Mask တွေ မတပ်တာ၊ ယာဉ်မတော်တဆဖြစ်တာ၊  ပဋိပက္ခဖြစ်ပွားတာ၊ ခိုက်ရန်ဖြစ်ပွားတာ၊   နေအိမ်တွေနဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးတာ၊ လူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့အထိ အကြမ်းဖက်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013