သထုံမြို့နယ်တွင် ကြိုတင်မဲစပေး၊ မဲပေးသူ များပြား (ဓာတ်ပုံ)
DVB
·
October 29, 2020
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက အသက် ၆၀ နှစ်နဲ့အထက် မဲဆန္ဒရှင်ပြည်သူတွေ အောက်တိုဘာ ၂၉ ရက်နေ့က ကြိုတင်မဲ စပေးခဲ့ကြပြီး မဲပေးသူ များပြားတယ်လို့ သိရပါတယ်။
သထုံမြို့နယ်၊ နောင်ကုလားကျေးရွာက မဲဆန္ဒရှင်ဒေါ်သောင်းဝင်းက “အဖွားက မနက် ၉ နာလောက်ကတည်းက အိမ်ကနေမဲရုံကို လမ်းလျှောက်လာတာပါ။ ပထမဆုံးနေ့ဆိုတော့ မဲလာပေးတဲ့သူတွေကလည်း များတယ်။ နေ့လယ် ၁ နာရီကျော်ကျော်လောက်မှ မဲပေးရတာ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက်စာရင်တော့ ဒီနှစ်မဲလာပေးရတာ ပိုပြီးအဆင်ပြေပါတယ်။ အဓိကကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်အတွက်တာဝန်ကျေအောင် မဲတစ်ပြားကို ပေးဖြစ်အောင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေတွေကြောင့် သထုံခရိုင်အတွင်း Stay at Home သတ်မှတ်ထားတဲ့ ဘီးလင်းမြို့မှာတော့ အသက် ၆၀ နှစ်နဲ့ အထက်ရှိသူတွေကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးနဲ့ဆက်သွယ်ကာ နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ သထုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။
သထုံမြို့နယ်ထဲမှာ အသက် ၆၀ နှစ်နဲ့ အထက် ကြိုတင်မဲပေးနိုင်သူ ၂၆၃၈၃ ဦးရှိပြီး သတ်မှတ်မဲရုံတွေအထိ သွားရောက်ပြီး မဲမပေးနိုင်သူတွေကိုတော့ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲက အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ယူမင်းစိုး