မြိတ်မြို့ကို ဖြန့်ဖြုးပေးနေသည့် လျှပ်စစ်မီတာခဈေးနှုန်း ယခင်ကထက် လျှော့နည်းမည်
DVB
·
October 29, 2020
မြိတ်မြို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီအနေနဲ့ အခုအောက်တိုဘာလကစပြီး မီတာခ ကောက်ခံမယ့်ဈေးနှုန်းဟာ ပြီးခဲ့တဲ့လတွေကထက် ဈေးနှုန်း သက်သာသွားမှာဖြစ်တယ်လို့ တနင်္သာရီတိုင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောပါတယ်။
မြိတ်မြို့မှာလျှပ်စစ်ဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီက မီတာခတွေ တိုးမြှင့်ကောက်ခံဖို့ တိုင်းဒေသကြီး အစိုးရကို တင်ပြထားတဲ့အပေါ် ပြည်သူတွေအနေနဲ့ ဝေဖန်မှုတွေရှိနေတာကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဝန်ကြီးက ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။
မြိတ်မြို့ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနေတဲ့ ကုမ္ပဏီအနေနဲ့ ဘယ်လိုစနစ်မျိုးနဲ့ပဲ လျှပ်စစ်မီးဖြန့်ဖြုးနေပါစေ တင်ဒါအောင်မြင်ထားတဲ့ HFO လောင်စာဆီ ဈေးနှုန်းနဲ့သာ တွက်ချက်ပြီး ကောက်ခံရမှာဖြစ်တာကြောင့် အောက်တိုဘာလက စတင်ပြီး မီတာခဈေးနှုန်းတွေ ကျဆင်းသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်သူရက ပြောပါတယ်။
လက်ရှိ မြိတ်မြို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးဖို့ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီက တင်ဒါအောင်မြင်ထားတဲ့ HFO လောင်စာဆီနဲ့ လျှပ်စစ်မီး မဖြန့်ဖြူးနိုင်သေးတာကြောင့် စက်သုံးဆီသုံးမီးစက်တွေနဲ့ လျှပ်စစ်ဖြန့်ဖြူးနေတာဖြစ်ကာ လျှပ်စစ်တစ်ယူနစ်ကို ၂၉၂ ကျပ်နှုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။