Home
မြန်မာသတင်း
နိုင်ငံခြားသားများအား မြန်မာပြည်ဝင်ခွင့်ရပ်ဆိုင်းထားမှု နိုဝင်ဘာ ၃၀ ရက်အထိ တိုးမြှင့်
DVB
·
October 28, 2020
121511453_1596801103853512_8193542519954935047_o
မြန်မာနိုင်ငံ လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေအပေါ် ပြည်ဝင်ခွင့်  ယာယီကန့်သတ် ရပ်ဆိုင်းထားတာကို နိုဝင်ဘာ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့ အစီအမံတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရှေးရှုပြီး အောက်တိုဘာ ၃၁  ရက်အထိ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေအားလုံးကို သက်တမ်းထပ်တိုးလိုက်တာလို့ အောက်တိုဘာ ၂၇  ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။   ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားတဲ့ အန္တရာယ် ကနေ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကို ဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ဝင်ခွင့် ယာယီကန့်သတ်ထားတဲ့ အစီအမံတွေ အားလုံးကို ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ သက်တမ်းထပ်တိုးလိုက်တဲ့အထဲမှာ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေ၊ ဆိုက်ရောက် ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းထားတာ၊ မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေကို ဗီဇာ ကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာ အပါအဝင် ဘယ်ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆို ယာယီ ရပ်ဆိုင်းထားတဲ့ ကြေညာချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စတွေကြောင့်ဖြစ်စေ၊ သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဝင် ဝန်ထမ်းတွေ အပါအဝင် ပြည်ပနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေ ရောက်ဖို့ရှိပါက ဗီဇာကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာ သံရုံးတွေထံ အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို လာရောက်မယ့်သူတွေအားလုံးဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို မပျက်မကွက်လိုက်နာဖို့ လိုအပ်မှာဖြစ်ပါတယ်။  ကိုဗစ်ကာလ ၂၀၂၀ ဖေဖော်ဝါရီ ၂ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ လေကြောင်းလိုင်းတွေကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာသူ မြန်မာနိုင်ငံသား  ၂၂,၆၀၄ ဦးနဲ့ နိုင်ငံခြားသား ၄,၃၄၁ ဦး၊ စုစုပေါင်း ၂၆,၉၄၅ ဦးရှိတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၇,၆၆၆  ယောက်၊ သေဆုံးသူ ၁,၁၄၇  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၇,၃၇၃  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024