Homeမြန်မာသတင်း
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှု ၁၈ ဘီလီယံနှင့် လွှဲငွေ ၁၁ ဘီလီယံ ထပ်မံစိစစ်တွေ့ရှိ
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှု ၁၈ ဘီလီယံနှင့် လွှဲငွေ ၁၁ ဘီလီယံ ထပ်မံစိစစ်တွေ့ရှိ
နေဖြိုးဝင်း
·
October 25, 2020
နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှု ၁၈ ဘီလီယံနဲ့ လွှဲငွေ ၁၁ ဘီလီယံ ထပ်မံစိစစ်တွေ့ရှိရတယ်လို့ သမ္မတရုံးက ပြောပါတယ်။
ထောင်ပြေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (ခ) နှင်းဆီပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်ကို ထပ်မံစိစစ်ချက်တွေအရ အခုလို တွေ့ရှိရတာလို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။
“အရင်အပတ်က စိစစ်ရေးအဖွဲ့က တွေ့ရှိတာ ပိုင်ဆိုင်မှုက ၂၃ ဘီလီယံလို့ ပြောထားတယ်။ အခု နောက်ထပ် ၁၈ ဘီလီယံ ထပ်တွေ့တော့ စုစုပေါင်း ၄၁ ဘီလီယံ ပိုင်ဆိုင်မှုတွေ့ပါတယ်။ နောက်တစ်ချက် နောက်ဆုံးငွေလွှဲတဲ့ဟာ အားလုံး ၁၆ ဘီလီယံလို့ ပြောထားတယ်။ အခု ၁၁ ဘီလီယံ ထပ်ပြီးတော့ စစ်ဆေးရရှိတယ်။ စုစုပေါင်း ၂၇ ဘီလီယံ၊ ပြောရရင်တော့ ပိုင်ဆိုင်မှုက ၄၁ ဘီလီယံ၊ ငွေလွှဲတာက ၂၇ ဘီလီယံ နောက်ဆုံးအခြေအနေ တွေ့တယ်။”
ဒါ့အပြင် မြေနဲ့အဆောက်အဦ ၃ ခုကိုလည်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေအရ ယာယီသိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ဦးဇော်ဌေးက “လောလောဆယ် အစိုးရအနေနဲ့ ယာယီသိမ်းဆည်းထားတဲ့နေရာ ၃ နေရာ၊ နံပါတ်တစ်က ပန်းလှိုင်အိမ်ရာက ယာယီသိမ်းဆည်းထားတယ်။ နံပါတ်နှစ်က ပြင်စာမှာရှိတဲ့ မြေနဲ့ အဆောက်အဦ ယာယီသိမ်းထားတယ်။ နောက် မှော်ဘီမှာရှိတဲ့ မြေနဲ့အဆောက်အဦ ဒီသုံးခုကိုတော့ ယာယီသိမ်းထားတယ်” လို့ ပြောပါတယ်။
ဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုတွေကို ငွေရေးကြေးရေးစိစစ်တဲ့အဖွဲ့က စိစစ်ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆက်လက်စုံစမ်းပြီး ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဦးကျော်မြင့်ကို မူလက ပုဒ်မ ၂၂၄ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး လ.၀.က အက်နဲ့ ထပ်မံတရားစွဲဆိုထားပါတယ်။