ယင်းမာပင်တွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် ဝန်းရံမည်ဟု နှင်းဆီပါတီပြော
DVB
·
October 24, 2020
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အားဖြည့်ဝန်းရံသွားမယ်လို့ ဖျက်သိမ်းခံရတဲ့ နှင်းဆီပါတီရဲ့ မြို့နယ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီထဲ ပါတီဝင်အဖြစ် မဆောင်ရွက်သေးပဲ လောလောဆယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် အားဖြည့်ဝန်းရံတာလို့ ယင်းမာပင်မြို့နယ် နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ EC အဖွဲ့ဝင် ဦးသီဟကျော် ပြောပါတယ်။
"ကျနော်တို့ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိလို့ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဝန်းရံတဲ့အနေထားပါ။ ပါတီဝင်ခြင်းတော့ မရှိသေးပါဘူး။ ကျနော်တို့ပါတီက အစည်းလိုက်လေးပဲ လက်တွဲသွားမယ်။ ကျနော်တို့ပါတီ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာလည်း ညွှန်ကြားထားခြင်းမရှိသေးဘူး။ ၂၀၂၀ အလွန် ပါတီရှင်သန်ခွင့်ရရင် ကျနော်တို့အဖွဲ့အစည်းအတိုင်း ပါဝင်သွားဖို့ရှိပါတယ်။ ယင်းမာပင်မြို့နယ်မှာ ကျနော်တို့ပါတီဝင် ၁ သောင်းကျော် ရှိမယ်။"
ယင်းမာပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က "သူတို့က လောလောဆယ် ဝန်းရံအားဖြည့်မယ်ပေါ့။ ၂၀၂၀ ပြီးမှ သူတို့ပါတီကို ပြန်ဖွဲ့ခွင့်၊ မဖွဲ့ခွင့်ကို အခြေအနေကြည့်ပြီးမှ ဆုံးဖြတ်မယ်ပြောတယ်။ ရွေးကောက်ပွဲမှာ ပါတီကိုပဲ ဝန်းရံအားပေးမှာပါ" လို့ ပြောပါတယ်။
ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်နိုင်ငံရေးပါတီကနေ ပယ်ဖျက်ထားတာဖြစ်ပြီး ပါတီဥက္ကဋ္ဌကိုလည်း ထောင်ပြေးမှုနဲ့ စွဲချက်တင်စစ်ဆေးနေပါတယ်။