ဟိုပုံးတွင် PNO ပါတီ ဝန်းရံသူလူငယ် ၁ ဦး ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
October 24, 2020
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှာ အောက်တိုဘာ ၂၃ နေ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက စည်းရုံးရေးဆင်းပြီး ပြန်လာတဲ့ ယာဉ်ပေါ်ကနေ ဝန်းရံသူ လူငယ်တစ်ဦး နောက်ပြန်ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောခွန်ကျော်ဝင်းက ပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နမ့်ခုတ်ရွာ နဲ့ မဲနယ်တောင် ကျေးရွာအုပ်စု ၂ ခုကို စည်းရုံးရေးသွားပြီးအပြန်မှာ ဖြစ်တာလို့ ဆိုပါတယ်။
ဦးစောခွန်ကျော်ဝင်းက “ဒီကိစ္စတွေဖြစ်တော့ ကျနော်တို့ အတော်လေး စိုးရိမ်တယ်၊ စိတ်လည်းမကောင်းဘူး။ ကျနော်တို့ပါတီက ဝန်းရံသူတွေကို လှည့်လည်စည်းရုံးဖို့ တနေ့ကို ကျေးရွာ အုပ်စု ၂ အုပ်စုပဲ ခွင့်ပြုတယ်။ ရောဂါပြန့်ပွားမှာလည်း စိုးရိမ်တာရယ်၊ Mask တပ်ဖို့၊ ဟန်းဂျယ်လ်သုံးဖို့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့ ညွှန်ကြားထားပါတယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် လိုက်နာဖို့၊ တခြားပါတီနဲ့ ဆုံတွေ့လည်း ပြဿနာမဖြစ်အောင်ထိန်းသိမ်းဖို့၊ လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာမှာလည်း အောက်တိုဘာ ၂၂ ရက်၊ ညနေ ၆ နာရီခန့်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ မဲဆွယ်စည်ရုံးရေးယာဉ် ရှေ့ဘီးပေါက်ကာ တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
သတင်း - Nang Sabai ၊ Photo - PNO Page