လမ်းမတော် သရက်တောကျောင်းဝင်း၌ ဆရာတော် ၁ ပါးနှင့် လူ ၁၆ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
ညီငယ်
·
October 23, 2020
ရန်ကုန်မြို့တွင်း လမ်းမတော်မြို့နယ်၊ သရက်တောကျောင်းတိုက်ဝင်းက ဝဲပြန်ကျောင်းက ကျောင်းထိုင်ဆရာတော် ၁ ပါးမှာ အောက်တိုဘာ ၁၆ ရက်က ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီးနောက် သူနဲ့ထိတွေ့သူ ၄၄ ယောက်ကို မှော်ဘီမြို့နယ်ရှိ ကွာရန်တင်းစင်တာကို ပို့ကာ ဓာတ်ခွဲ နမူနာယူစစ်ဆေးရာမှာ ၁၆ ယောက်ပိုးတွေ့ထားကြောင်း သရက်တောရပ်ကွက် အာဏာပိုင်တွေက ပြောပါတယ်။
လတ်တလောမှာတော့ သရက်တောကျောင်းတိုက်ဝင်းကို အပြင်လူအဝင်မခံဘဲ အသွားအလာကန့်သတ်ထားတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က ပိုးတွေ့လူနာနဲ့ ထိတွေ့ထားတဲ့ မင်္ဂလာသာစည်ကျောင်းတိုက်က အမျိုးသားတစ်ယောက်ဆီမှာ ပိုးတွေ့ပြီးနောက် သူနဲ့ဆက်စပ်ပြီး သံဃာ ၇ ပါးမှာပိုးတွေ့ခဲ့ပါတယ်။ အဲဒီနောက် ရောဂါကူးစက်မှုတွေထပ်ရှိလာရာ အခုအချိန်အထိ သံဃာတော်အပါအဝင် ၁၀၀ ကျော်မှာ ပိုးတွေ့ထားပါတယ်။
သရက်တောကျောင်းတိုက်ဝင်းမှာ ဘုန်းကြီးကျောင်း ၆၆ ကျောင်းရှိပြီး၊ သံဃာတော်တွေအပါအဝင် ၄၀၀ ကျော် လက်ရှိ သီတင်းသုံးနေထိုင်နေကြပါတယ်။