မြစ်ကြီးနား ကားကြီးကွင်းကို ၁ ပတ်ကျော် အသွားအလာကန့်သတ်
DVB
·
October 23, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှာ ပိုးတွေ့သူ ၉ ယောက်ရှိလာတဲ့အတွက် ကားကြီးကွင်းအတွင်း တစ်ပတ်ကျော် အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ကစပြီး အခုလကုန်အထိ အသွားအလာ ကန့်သတ်သွားမှာဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ ပုံမှန်အတိုင်း ကားကြီးကွင်းမျက်နှာစာက ကားဆိုက်ရောက်ကွင်းမှာ လက်ခံဆောင်ရွက်ပေးသွားမယ်လို့ ပုဂ္ဂလိကပိုင် ယာဉ်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးဇော်ဇော်က ပြောပါတယ်။
ယာဉ်မောင်း တစ်ယောက် လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီးနောက် ဂိတ်မှူးနဲ့ဇနီးဖြစ်သူအပါအဝင် မိသားစုဝင်တွေ၊ အလုပ်သမားတွေကို စစ်ဆေးချက်အရ ၇ ယောက်မှာ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်နဲ့ ၂၂ ရက်နေ့မှာ ကားကြီးကွင်းအတွင်းက တခြားဂိတ်တွေကနေ ၂ ယောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီး စုစုပေါင်း အဲ့ဒီကားကြီးကွင်းထဲမှာ ရောဂါကူးစက်ခံရသူ ၉ ယောက်ရှိလာတာကြောင့် အခုလို အသွားအလာကန့်သတ်တာပါ။
ကချင်ပြည်နယ်မှာ အောက်တိုဘာ ၂ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၃ ယောက်ရှိပြီး အဲဒီထဲက ဆေးရုံဆင်းခွင့်ရသူ ၇၈ ယောက် ရှိပြီလို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း -မီးမီး