ကိုဗစ်-၁၉ လူနာအမှတ် ၈၈၃ နေထိုင်သည့် လျောင်းတော်ဦးကျေးရွာကို အသွားအလာကန့်သတ်
DVB
·
September 3, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၈၈၃ နေထိုင်တဲ့ လျောင်းတော်ဦးကျေးရွာကို ကျေးရွာအစီစဉ်နဲ့ အသွားအလာကန့်သတ်ထားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။
မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က "ကိုဗစ်-၁၉ လူနာတွေ့ရှိခဲ့တဲ့ လျောင်းတော်ဦး ကျေးရွာကို Lock Down ချတာမဟုတ်ဘဲ ကျေးရွာအစီစဉ်နဲ့ မြို့ပေါ်အပါအဝင် တခြားကျေးရွာတွေကို မသွားဖို့ ကန့်သတ်ထားတာဖြစ်တယ်။ လူနာနဲ့ ထိစပ်ခဲ့သူ ၂၁ ဦးကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူပြီး ဓာတ်ခွဲနမူနာပေးပို့ထားကာ စကားပြောဖူးတယ်ဆိုတဲ့သူ ၇ ဦးက ထပ်မံစာရင်းပေးလာလို့ စီစစ်နေတယ်” လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း ရခိုင်ပြည်နယ်ကပြန်လာသူတဦးမှာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး သင်ကြားရေးဆေးရုံကြီး သီးသန့်ဆောင်မှာ ကုသပေးနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေကြီးအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးတွေရှိခဲ့ပြီး ၃ ဦးကတော့ ရောဂါပိုးကင်းစင်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှတော့ ရခိုင်ပြည်နယ်ပြန်အပါဝင် ပြည်ပကပြန်လာသူ ၁၃၀၀ ကျော်ကို Facility Quarantine ပြုလုပ်ထားတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး