Home
မြန်မာသတင်း
ပြည်တွင် သတင်းသင်တန်းလာပေးသည့် ဆရာအပါအ၀င် ၅ ဦးကို အသွားအလာကန့်သတ်
DVB
·
September 13, 2020
COVID-19 ပြည် သတင်းရေးသားနည်း သင်တန်းဆရာ Quarantine
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မင်္ဂလာဂါးဒန်းဟိုတယ်မှာ ရွေးကောက်ပွဲဆိုင်ရာသတင်းရေးသားနည်း သင်တန်းလာပေးတဲ့ သင်တန်းဆရာ အပါအ၀င် ၅ ဦးကို ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တာကြောင့် စက်တင်ဘာ ၁၂ ရက်နေ့ကစတင်ကာ အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ သင်တန်းကို မီဒီယာကောင်စီနဲ့ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အရှကွန်ရက် (ANFREL) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ သူတို့ ၅ ဦးဟာ သင်တန်းအတွက် ကားဆရာနဲ့အတူ သင်တန်းအတွက် စက်တင်ဘာလ ၂ ရက်နေ့က စတင်ကာ ပြင်ဦးလွင်ကို ရောက်ရှိခဲ့တာပါ။ ပြည်မြို့ကို ရောက်ချိန်မှာ ကားဆရာမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရတာလို့ သင်တန်းဆရာ ဦးဇေယျာလှိုင်က DVB ကိုပြောပါတယ်။ “ရန်ကုန်ကနေ ၂ ရက်နေ့က ထွက်လာတယ်၊ ပြင်ဦးလွင်ကို ညနေပိုင်း ရောက်တယ်။ သင်တန်း ၃ ရက်လုပ်ပြီးတော့ ၆ ရက်နေ့ ညနေပိုင်းမှာ ပြည်ကို ရောက်တယ်။ အဲဒီအချိန်ထိ ကားဆရာ အမျိုးသမီးမှာ ရောဂါပိုးရှိမှန်း မသိခဲ့ဘူး” လို့ ပြောပါတယ်။ ပြည်မြို့ကို ရောက်ပြီး သင်တန်းရက်တွေဖြစ်တဲ့ ၇ ရက်နေ့ သင်တန်းပေးပြီး ၈ ရက်နေ့ သင်တန်းပို့ချနေချိန်မှာ ကားဆရာရဲ့ အမျိုးသမီးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိကြောင်း သတင်းစသိခဲ့ရတာ ဖြစ်ပြီး သင်တန်းကိုတော့ ဆက်မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ကားဆရာရဲ့ အမျိုးသမီးဖြစ်သူ ရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်း သင်တန်းဆရာတွေကို လိုက်ပို့တဲ့ ကားမောင်းသူအား ရန်ကုန်ကို ပြန်ပို့ပြီး ဓာတ်ခွဲနမူနာစစ်ဆေးရာမှာ ရောဂါပိုးတွေ့ခဲ့တာလို့ သိရပါတယ်။ သင်တန်းဆရာ အပါ၀င် ၅ ဦးကို ပြည်မြို့က အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ သန္တာဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ် ကျန်းမာရေးဌာနက သိရပါတယ်။ သင်တန်းဆရာအပါအ၀င် ၅ ဦးရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာတွေကို မနေ့က ညနေပိုင်းမှာ စစ်ဆေးဖို့ ပို့ဆောင်ထားပြီး ၅ ဦးလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ သင်တန်းလာတက်တဲ့  မကွေး၊ ပဲခူး၊ ဧရာ၀တီ စတဲ့ တိုင်းဒေသကြီးက သင်တန်းသား သင်တန်းသူ သတင်းထောက် ၁၄ ဦးကိုတော့ ဟိုတယ်မှာ ထားရှိကာ အသွားအလာကန့် သတ်စောင့်ကြည့်တာတွေ ပြုလုပ်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ၀ဏ္ဏထွန်း၊ မင်းထက်မုန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024