Home
မြန်မာသတင်း
ပခုက္ကူ ဧရာဝတီတံတားအောက် ဧရာဝတီလင်းပိုင်တွေ့ရှိ၊ ရှော့တိုက်ဖမ်းဆီးမှုများ ရှိနေ
DVB
·
October 22, 2020
121701306_1089096718212723_7326297246692850914_n
မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်အချို့ ပခုက္ကူ၊ ဧရာဝတီ တံတားအောက်က ဧရာဝတီမြစ်ကြောင်းပေါ်မှာ ရောက်ရှိလာပြီး ရှော့တိုက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့  ပခုက္ကူ ရေလုပ်သားများသမဂ္ဂက ပြောပါတယ်။ ဧရာဝတီလင်းပိုင် နှစ်ကောင် တွေ့ရှိရကာ အရင်က အခုလို ရောက်ရှိလာတာ မရှိခဲ့ဖူးဘဲ ပထမဆုံးတွေ့ရတာ ဖြစ်ပြီး ရာဝတီလင်းပိုင်တွေကို ရှော့တိုက်ဖမ်းဆီးတာကို တားဆီးပေးဖို့  ငါးလုပ်ငန်း ဦးစီးဌာနကို စာတင်သွားမယ်လို့ ဆိုပါတယ်။ ရေလုပ်သားများသမဂ္ဂ အတွင်းရေးမှူး ဦးစိန်ကောက်က “ငါးတွေ လိုက်တိုက်နေတယ်လို့ ကြားတယ်။ မယက ရုံးကို ရှော့တိုက်သမားတွေ နှိမ်နင်းဖို့ လင်းပိုင်တွေ သေမှာကြောက်လို့ ကျနော်တို့က သတင်းပို့ထားလိုက်တာ၊ သူတို့က ရှော့တိုက်တာကတော့ ငါးကိုတိုက်တာပေါ့လေ။ မနေ့ညက လင်းပိုင်တွေကို လိုက်ပြီးတော့ ထိုးနေတာလို့ သတင်းကြားတာ။ ဘယ်နေ့က စတွေ့တာလဲဆိုရင် တစ်ပတ်လောက်တော့ရှိသွားပြီဗျ။ ကျနော်တို့အနေနဲ့ ငါးလုပ်ငန်းဦးစီးကို စာတင်ပြီး လင်းပိုင်တွေမသေအောင် ရှော့တိုက်သမားတွေကို အဖွဲ့များများနဲ့ ဖမ်းမယ်လို့တော့ စိတ်ကူးတော့ရှိတာပေါ့ဗျာ” လို့ ပြောပါတယ်။ ကိုဗစ်ကာလမှာ မြစ်ကြောင်းအသုံးပြုတဲ့ သင်္ဘောတွေ သွားလာမှုလျော့နည်းလာတဲ့အတွက် ရေညစ်ညမ်းမှုနည်းလာတာကြောင့် ရောက်လာတာဖြစ်နိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့  ဧရာဝတီ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်သူများအဖွဲ့ဝင် ဦးမောင်မောင်ဦးက ပြောပါတယ်။ “အဓိကကတော့ မြစ်ကိုအသုံးပြုပြီးသွားတဲ့ သင်္ဘောတွေရဲ့ ညစ်ညမ်းမှု ဖြစ်စေတာတို့ကလည်း အတိုင်းအတာတခုအထိ လျော့ကောင်းလျော့သွားနိုင်ပါတယ်။ ရှော့တိုက်ငါးဖမ်းတာတွေကတော့ ရှိတယ်၊ တချို့နေရာတွေဆိုရင် ပိုတောင်တိုးလာတာတွေရှိတယ်။ ဒါကလည်း သူတို့အစာနောက်ကိုလိုက်ရင်းနဲ့ ရောက်လာတယ်လို့ထင်ပါတယ်။” ၂၀၁၅ ခုနှစ်ကလည်း ဧရာဝတီ လင်းပိုင် ၁ ကောင် စစ်ကိုင်းတံတားနား အထက်ပိုင်း ၂ ကောင် ရောက်လာဖူးတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေမှာ ရှားပါးမျိုးစိတ်တွေကို သေဆုံးစေတဲ့အထိ ထိခိုက် စေတာကို ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဧရာဝတီလင်းပိုင်ကို မြန်မာ၊ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ တွေ့ရတတ်တယ်လို့ သိရပါတယ်။ သတင်း - ခင်ပြည့်စုံဝင်း ဓာတ်ပုံ - ကိုဆော်ပုဂံ/ ငြိမ်းငြိမ်းအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013