Home
မြန်မာသတင်း
နမ့်ခမ်းတွင် ဆိုင်ရှင်အမျိုးသမီး ၁ ဦးကို လူတစုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွား 
နန်းမြနဒီ
·
October 19, 2020
121619686_1739773942836852_2675352155192549127_o
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ပေါက်နေရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး အရောင်းဆိုင်တစ်ဆိုင်မှာ မနေ့မွန်းလွဲပိုင်းက အရပ်ဝတ်နဲ့ လူတစု ဝင်ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၂ နာ ရီလောက်က ပါဂျဲရိုးကားတစ်စီးနဲ့ လူ ၃ ယောက် ဆိုင်ကို ရောက်လာပြီး အသက် ၅၀ ကျော်အရွယ် ဆိုင်ရှင် ဒေါ်နန်းအုံကို ဖမ်းသွားတာလို့ ပေါက်နေ ရပ်မိရပ်ဖ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။  “လူ ၃  ယောက်က အရပ်ဝတ်နဲ့ ဝင်လာတယ်။ အဲဒီတုန်းက ဆိုင်မှာ အဖမ်းခံရတဲ့ အဒေါ်နဲ့ သူ့သားတစ်ယောက် ရှိနေတယ်။ သူတို့က ရဲလို့ ပြောတယ်တဲ့၊ အမျိုးသမီးကို လက်ထိတ်ခေါ်သွားပြီး ကားထဲတွန်းထည့်တယ်။ ကားထဲမှာလည်း လူရှိနေတယ်၊ သူတို့အချင်းချင်း ပလောင်စကားပြောကြတယ်။” အမျိုးသမီးကို ဖမ်းသွားပြီးတဲ့နောက် နမ့်ခမ်းရဲတပ်ဖွဲ့က လာရောက်စစ်ဆေးသွားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးကို ဘယ်လက်နက်ကိုင်အဖွဲ့က ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။  ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နမ့်ခမ်းရဲစခန်းကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။  နမ့်ခမ်းဒေသခံတဦးကတော့ ဆိုင်ရှင်အမျိုးသမီးကို တီအန်အယ်လ်အေ ပလောင်လက်နက်ကိုင်အဖွဲ့က လူမှားခေါ်သွားတာဖြစ်လို့ ဒီနေ့ပြန်ပို့ပေးမယ်ဆိုပြီး အကြောင်းကြားထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  “သူ့ကို လာဖမ်းသွားတာ တီအန်အယ်လ် မူးယစ်နှိမ်နင်းရေးဘက်ကလို့ ပြောတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သံသယရှိလို့တဲ့၊ နောက် ည ၈ နာရီခွဲလောက်လည်းကျရော လူမှားပြီး ဖမ်းမိလို့ တောင်းပန်တဲ့အကြောင်းနဲ့ မကြာခင် ပြန်ပို့ပေးမယ်လို့ ဖုန်းဆက်လာတယ်လို့ သိရတယ်။ ဘယ်အချိန် ဘယ်နေရာမှာ သွားကြိုရမလဲဆိုတာတော့ မသိသေးဘူးတဲ့။” နမ့်ခမ်းမြို့မှာ ၂၀၁၇ ခုနှစ်ကလည်း နန်းမိုဟွမ်ဆိုသူ ရှမ်းအမျိုးသမီး ၁ ဦးကို တီအန်အယ်လ်အေတပ်ဖွဲ့က  ဆိုင်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး အဖွဲ့အစည်းအသီးသီးနဲ့ နမ့်ခမ်းပြည်သူ တစ်သောင်းကျော်က နန်းမိုဟွမ်အား ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့်  ၂ လလောက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024