Home
မြန်မာသတင်း
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်-၂ ယာယီပိတ်မည်ဟု တပ်ခ်ခရိုင်မှူးပြော
DVB
·
October 17, 2020
121611641_881141499321156_5132130083221326004_n
ကရင်ပြည်နယ် မြဝတီမြို့နဲ့ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်-၂ ကို ယာယီ ၇ ရက် ပိတ်သွားမယ်လို့ တပ်ခ်ခရိုင်မှူးက ပြောကြားလိုက်ပါတယ်။ မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်း ရွှေ့ပြောင်းမြန်မာ နှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီး ထိတွေ့သူ ၉ ဦးကို စစ်ဆေးချက်အရ ၃ ဦးမှာ ပိုးတွေ့ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်မှု မထိန်းချုပ်နိုင်မှာကို စိုးရိမ်တဲ့အတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်-၂ ကို ယာယီပိတ်ထားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တပ်ခ်ခရိုင်မှူး နိုင်ဖုန်းရပ် ဖိလုံးရပ်က ပြောဆိုခဲ့ပါတယ်။ နယ်စပ်ပိတ်ပြီး လုံခြုံရေးတင်းကျပ်ထားသလို မဲဆောက်မြို့တွင်းမှာလည်း ဘုန်းတော်ကြီးကျောင်း၊ ဗလီကျောင်းနဲ့ အခြားလူစုလူဝေးနေရာတွေ၊ စားသောက်ဆိုင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေ အောက်တိုဘာလ ၁၇ ရက်နေ့က စတင် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိခဲ့တဲ့ မဲဆောက်မြို့ ထုံထောက် ရပ်ကွက်ကို အသွားအလာကန့်သတ်ထားသလို စာသင်ကျောင်း ၅ ကျောင်းကိုလည်း ယာယီပိတ်ထားမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ် ၂ တံတားကို အခုရက်ပိုင်းအတွင်း ယာယီ ၇ ရက်ပိတ်သွားမှာဖြစ်ပြီး ပြန်ဖွင့်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း တပ်ခ်ခရိုင်မှူးက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း မြန်မာဘက်ခြမ်းကနေ ဝင်လာတဲ့ ကုန်တင်ကားပေါ်က မြန်မာ ၂ ဦးထံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတာကို တွေ့ရှိပြီးတဲ့နောက် ထိုင်းဘက်ခြမ်းက ပြည်သူတွေဟာ မြန်မာဘက်ကနေ လူရော ကုန်တင်ကားပါ အဝင်မခံဖို့  အမှတ်-၂ ချစ်ကြည်ရေး တံတားကို ပိတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။  မဲဆောက်မြို့သူမြို့သားတွေဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့၊ မြန်မာ ဘက်ကလူတွေ အဝင်မခံဖို့ အောက်တိုဘာ ၁၁ ရက်မှာ တစ်ကြိမ် ၁၄ ရက်နေ့မှာ တကြိမ် ဆန္ဒပြခဲ့ကြပါတယ်။ ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024