သိန္နီမြို့နယ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
DVB
·
October 16, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းမှာ အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီခွဲအချိန်လောက်က လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ သိန္နီမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းမှာ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် မူဆယ်မြို့ဘက်မှ သိန္နီမြို့ဘက်ကို ကွတ်ခိုင်မြို့နေ လီစီချီ ၂၂ နှစ် မောင်းနှင်လာတဲ့ Crown အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာက လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ယာဉ်နောက်ခန်းအတွင်း မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက်၊ ကျည်ကတ်ပါ ပစ္စတိုသေနတ် ၄ လက်၊ M-22 ကျည်ဘောက် ၁၅ ခု၊ M-22 ကျည် ၁၂၉၀ တောင့်၊ 7.62 ကျည် ၉၀၀ တောင့်၊ ပွိုင့် ၂၂ ကျည် ၂၀၀ တောင့်၊ 9mm ကျည် ၁၀၀ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံးနဲ့ တက်ဘလက် ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါယ်။
လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး သိန္နီမြို့မရဲစခန်းမှာ ရှမ်းလက်နက်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားကာ ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- CCDAC Myanmar