ယင်းမာပင်မြို့၌ ကိုဗစ်-၁၉ လူနာ ၂ ဦး အပြင်ခိုးထွက်ပြီး စားသောက်ဆိုင်သွား
DVB
·
October 14, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့မှာ အောက်တိုဘာ ၁၃ ရက် ညနေက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး ဆေးရုံကနေ အပြင်ခိုးထွက်ပြီး စားသောက်ဆိုင်ကိုသွားရောက်ခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ထံက သိရပါတယ်။
အဲဒီ လူနာ ၂ ဦးဟာ စုန်းကျင်းကျေးရွာအုပ်စု အုံတုံပင်ရွာအနီး အမှတ်(၂၈)ရဲတပ်ရင်းက ရဲဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းနိုင်ဇော်က "ညနေ ၆ နာရီ ဝန်းကျင်လောက်က သူတို့ ၂ ယောက်က အုတ်တံတိုင်းကျော်ပြီး အပြင်ထွက်တာ။ အုပ်ချုပ်ရေးပိုင်း က ၂ ယောက်ကမြင်တော့ လှမ်းအော်တားတယ်။ ဒါလဲမရဘူး သွားတယ်။ ကျနော်တို့မြို့မှာ လုံခြုံရေးအပိုင်း အားနည်းတယ်။ ကျနော်တို့ကလည်း ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ ကူညီတဲ့ အပိုင်းပဲဆိုတော့ သူတို့သွားခဲ့တဲ့နေရာတွေကို လိုက်လံဆေးဖျန်းမှုတွေ ချက်ချင်းလုပ်တယ်။ စည်းကမ်းဖောက်ဖျက်တဲ့သူကို နိုင်ငံတော်ကချမှတ်ပေးထားတဲ့ဥပဒေအတိုင်း ကျောသားရင်သား မခွဲခြားပဲ အရေးယူဖို့လိုတာပေါ့ "လို့ ပြောပါတယ်။
အဆိုပါ လူနာ ၂ ဦးသွားရောက်ခဲ့တဲ့စားသောက်ဆိုင်ကို ပိတ်သိမ်းထားပြီး စျေးဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် စျေးဝယ်လာသူတွေကိုပါ Stay at home ထားရှိပြီး Sweb နမူနာရယူ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
စည်းကမ်းဖောက်ဖျက်သူ ၂ ဦးကိုလည်း ဆေးရုံဆင်းခွင့်ရရှိပြီးနောက်ပိုင်း သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ယင်းမာပင်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးကုသခံယူနေတာ စုစုပေါင်း ၁၈ ယောက်ကျန်ရှိပြီး ရဲဝန်ထမ်း ၈ ယောက်ရှိပါတယ်။
ရဲတပ်ရင်း ၂၈ မှာ ပိုးတွေ့ရဲဝန်ထမ်း ၉ ယောက်နဲ့ မိသားစုဝင်ကလေး ၁ ယောက် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး ပထမဆုံးပိုးတွေ့တဲ့ ရဲဝန်ထမ်း ၂ ယောက်ကတော့ ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၂၀ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၂ ဦးရှိပါတယ်။
သတင်း - ဌေးလှိုင်